ပေါ်တူဂီကတော့ ၁၆ သင်းအဆင့်မှာ ဆွစ်ဇာလန်ကို ၆ ဂိုးအထိ သွင်းယူကာ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။ ဒီပွဲမှာ နည်းပြဖာနန်ဒိုဆန်းတို့စ်က ရော်နယ်ဒိုက အရန်ခုံမှာသာထားရှိခဲ့ပြီး သူ့နေရာမှာ ဂွန်ကာလိုရာမို့စ်ကို အသုံးပြုခဲ့ရာမှာ ဘင်ဖီကာတိုက်စစ်မှူးက ဟက်ထရစ်သွင်းယူနိုင်တဲ့အထိ ခြေစွမ်းပြခဲ့ကာ နည်းပြဆုံးဖြတ်ချက်မှန်ကန်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။
ဂွန်ဇာလိုရာမို့စ်ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဟက်ထရစ်ရယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပြီး သူ့ရဲ့ ခြေစွမ်းပြသမှုက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဖာနန်ဒိုဆန်းတို့စ်ကတော့ ရော်နယ်ဒိုကို ပြတ်ပြတ်သားသားပဲ ချန်လှပ်ခဲ့ကာ ပွဲကစားချိန် ၇၀ မှာမှ လူစားလဲလှယ်ထည့်သွင်းခဲ့ပြီး သူ့ရဲ့ အလှည့်အပြောင်းက အသင်းကို ကောင်းကောင်းအကျိုးပြုခဲ့ပါတယ်။
ဆွစ်ဇာလန်ဟာ ပေါ်တူဂီကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ ဂိုးတွေဆက်တိုက်ပေးခဲ့ရပြီး ချေပဂိုးတဂိုးတည်းသာ ပြန်ရခဲ့ပါတယ်။ နေးရှင်းလိဂ်ပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ဆွစ်ဇာလန်တို့ ဒီတကြိမ်တော့ ပေါ်တူဂီကို ဘယ်လိုမှ အရေးမသာခဲ့ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ကာ ပေါ်တူဂီက ဒီပြိုင်ပွဲမှာ သူတို့လည်း အဆိပ်ရှိတယ်ဆိုတာကို သက်သေပြသွားခဲ့ပြီး ပြိုင်ဘက်တွေကို သတိပေးခဲ့ပါတယ်။
ကွာတားဖိုင်နယ်အဆင့်မှာတော့ ပေါ်တူဂီက မော်ရိုကိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အခြားပွဲစဉ်တွေအဖြစ် ခရိုအေးရှား-ဘရာဇီးလ်၊ နယ်သာလန်-အာဂျင်တီးနား၊ အင်္ဂလန်-ပြင်သစ်တို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကွာတားပွဲတွေကိုတော့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပြန်လည်ကစားမှာဖြစ်ပြီး အကြိတ်အနယ်ပွဲကြီးပွဲကောင်တွေကို ပရိသတ်တွေ ခံစားရမှာလည်းဖြစ်ပါတယ်။