ဒီနေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ပြိုင်ဘက်တိုက်စစ်မှူးရော်နယ်ဒိုရဲ့ ယူနိုက်တက်ကစားသမားဘ၀ ဒုတိယမြောက်အကြိမ်က အောင်မြင်မှုရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကို ခေါ်ယူဖို့ တတ်နိုင်တဲ့ အသင်းအနည်းငယ်ထဲက တသင်းဖြစ်တဲ့ သူ့ရဲ့ နယူးကာဆယ်က ပေါ်တူဂီတိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ သူက ထပ်ပြောခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့ ဒုတိယမြောက် ယူနိုက်တက်ကစားသမားဘ၀ ပွဲဦးထွက်မှာ နယူးကာဆယ်ကို ၂ ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပရီးမီးယားလိဂ်ပထမဆုံးဟက်ထရစ်ကိုလည်း ၂၀၀၈ တုန်းက နယူးကာဆယ်နဲ့ပွဲမှာ သွင်းယူခဲ့တာပါ။ ဒါပေမယ့် ဒီရာသီမှာတော့ သူက ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး လိဂ်ဂိုး ၁ ဂိုးတည်းသာ ရရှိထားပါတယ်။
အက်ဒီဟိုဝီက "ရော်နယ်ဒိုက ထူးချွန်တဲ့ကစားသမားပါ၊ သူ့ရဲ့ အသက် ၃၆ နှစ်အရွယ်က သွင်းဂိုးမှတ်တမ်းကိုကြည့်ရင် ၄၄ ဂိုးတောင်ရခဲ့တာပါ၊ အံ့မခန်းစွမ်းဆောင်ရည်ဖြစ်ပါတယ်။ ကျနော့်အတွက်တော့ သူ့ရဲ့ အပြောင်းအရွှေ့က အလုပ်ဖြစ်ခဲ့ပါတယ်၊ အောင်မြင်မှုတခုလည်းဖြစ်ခဲ့တယ်လို့ ကျနော်ကတော့ ယူဆတယ်၊ မနှစ်က သူက အရေးပါတဲ့ဂိုးတွေသွင်းပေးခဲ့တာပါ၊ ချန်ပီယံလိဂ်မှာ အရေးကြီးတဲ့ ဂိုးတွေရခဲ့တယ်၊ သူသာ ဒီနေ့ပွဲကို ဝင်ကစားမယ်ဆိုရင် အရမ်းကောင်းမှာပါ"
"သူ ဝင်ကစားမယ်ဆိုရင် သူ ဂိုးသွင်းယူနိုင်တဲ့ နေရာတွေအကြောင်း ကျနော့်ကစားသမားတွေကို မှာကြားရမှာဖြစ်ပြီး အရမ်းသတိထားရပါလိမ့်မယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကို ခေါ်ယူမှာလားဆိုတဲ့ မေးခွန်းကိုတော့ သူက " ကျနော်တို့က ရေရှည်တိုးတက်မှုရှိမယ့်ဟာကိုပဲ ကြိုးစားမှာပါ၊ ရေရှည်အမြင်မျိုးပဲ ရှိပါတယ်၊ လက်ရှိမှာ ကျနော်တို့အသင်းက အသက်အရွယ်ကြီးရင့်တဲ့ အသင်းတသင်းဖြစ်နေပါပြီ"
"ဒီတော့ လူငယ်ကစားသမားတွေအတွက် ပိုပြီး ရင်းနှီးမြုပ်နှံရပါမယ်၊ ဒါက ကျနော်တို့ တိုးတက်မှုအတွက် ကြီးမားတဲ့ အစိတ်အပိုင်းဖြစ်နိုင်ပါတယ်၊ ပျမ်းမျှအသက်ကို လျှော့ချနိုင်ဖို့ လိုပါတယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။