အယ်လ်နာဆာရဲ့ တိုက်စစ်မှူးတဦးဖြစ်တဲ့ တယ်လစ္စကာကတော့ မနေ့ညက အာရှချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းခြေစွမ်းပြသွားခဲ့ပါတယ်။ ကာတာကလပ် အယ်လ်ဒူဟာနဲ့ ကစားခဲ့ရတာဖြစ်ပြီး ၂-၃ နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ရာမှာ သူတဦးတည်း ဂိုးတွေသွင်းခဲ့ပြီး အသင်းအတွက် ထူးရှယ်ခြေစွမ်းပြခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ အယ်လ်နာဆာနည်းပြက ရော်နယ်ဒိုကို ခေါ်မသွားဘဲ အနားပေးခဲ့ပါတယ်။ ဒါကြောင့် တယ်လစ္စကာက အသင်းတိုက်စစ်ကို ဦးဆောင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းပြသမှုတွေကေ ချီးကျူးစရာဖြစ်ခဲ့ပါတယ်။ အာရှချန်ပီယံလိဂ်မှာလည်း သွင်းဂိုး ၆ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ကာ ရော်နယ်ဒိုထက် ဂိုးပိုသွင်းထားနိုင်ခဲ့ပါတယ်။
ဒီရာသီမှာ တယ်လစ္စကာက ပြိုင်ပွဲစုံသွင်းဂိုး ၁၇ ဂိုးအထိ ရရှိထားပြီးဖြစ်ကာ ရော်နယ်ဒိုထက် ၂ဂိုးပိုသွင်းပေးထားပါတယ်။ မာနေး၊ ရော်နယ်ဒိုတို့နဲ့ တွဲဖက်ကစားပြီးနောက်မှာ ပိုမိုကောင်းမွန်တဲ့ ပုံစံနဲ့ သူ့ကိုမြင်တွေ့လာရတာဖြစ်ပြီး အသင်းဖော်တွေနဲ့ အပြန်အလှန်ဖန်တီးမှုတွေကိုပါ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ နာမည်နဲ့ ပုံရိပ်က အဆမတန်ကြီးမားနေလို့သာ တယ်လစ္စကာက လွှမ်းမိုးခံနေရခဲ့တာပါ။ ဒါပေမယ့် သူ့ ခြေစွမ်းက အထင်ကြီးစရာကောင်းမွန်နေခဲ့ပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့အထိအောင် ရှိလာခဲ့ပါတယ်။ အယ်လ်နာဆာအတွက်လည်း ရော်နယ်ဒိုမကစားနိုင်ရင်တောင် သွင်းဂိုးရဖို့ မပူရတဲ့ အနေအထားမှာ ရှိနေပါပြီ။