ဒေးလီးမေးလ်သတင်းဌာနရဲ့ ဘောလုံးဂျာနယ်လစ် အိုလီဗာဟို့တ်က ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုကို လေဆိပ်လိုက်ပို့၊ သွားချင်တဲ့နေရာအတွက် လေယာဥ်ပေါ်ကိုသာ တင်ပေးလိုက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အိုလီဗာဟို့တ်ဟာ သူ့ရဲ့ ဒီကနေ့မှာ ရေးသားထားတဲ့ ဆောင်းပါးမှာ အခုလိုမျိုး ဖော်ပြခဲ့တာဖြစ်ပါတယ်။
အဆိုပါပုဂ္ဂိုလ်ရဲ့ဆောင်းပါးမှာ ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဆက်တိုက်ဝေဖန်ခဲ့ပြီး ရော်နယ်ဒိုအနေနဲ့ သူ့ကိုစင်တင်ပေးခဲ့တဲ့ ယူနိုက်တက် ချန်ပီယံလိဂ်ဝင်ခွင့်မရချိန်မှာ အသင်းကထွက်ခွာဖို့ တောင်းဆိုတဲ့အပေါ်မှာလည်း ပြစ်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရော်နယ်ဒိုက ယူနိုက်တက်က ဂိုးတွေသွင်းပေးခဲ့သည့်တိုင် သူမရောက်ခင်နှစ်ကထက် အသင်းရဲ့ဂိုးသွင်းနှုန်းကျဆင်းသွားခဲ့တယ်လို့ အိုလီဗာဟို့တ်ကဆိုပါတယ်။
ဒါ့အပြင် ကစားသမားတယောက်က အသင်းရဲ့အထက်မှာရှိလာတာကလည်း ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်စေခဲ့ပြီး အဆင့် (၆) နေရာနဲ့ ရာသီသိမ်းစေခဲ့တယ်လို့ ရေးသားထားပါတယ်။ အသက် (၃၇) နှစ်အရွယ် ရော်နယ်ဒိုက ဇိမ်ကျကျကစားချင်တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ဒီလိုကစားသမားမျိုးက ဘယ်လိုမှမသင့်တော်နိုင်ပါဘူး။
အဲ့ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်ကထွက်ချင်တယ်ဆိုရင် သူ့ရဲ့အတ္တနဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အသင်းတွေကို ရှာတွေ့နိုင်ဖို့ ကံကောင်းပါစေကြောင်းလည်း အိုလီဗာဟို့တ်က ထည့်သွင်းရေးသားထားပါတယ်။ ဒါ့အပြင် ဒေးလီးမေးလ်ရဲ့ ဒီဆောင်းပါးရှင်က ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုကို ရောင်းထုတ်ဖို့ ဘာကြောင့်မြန်မြန်ဆန်ဆန် မလှုပ်ရှားသလဲဆိုတာကိုလည်း နားမလည်ကြောင်းဆိုပါတယ်။
တကယ်လို့ ရော်နယ်ဒိုသာ အသင်းကထွက်ချင်ရင် အသင်းအနေနဲ့ သူ့ကို လေဆိပ်အထိ ကိုယ်တိုင်ကားမောင်းပို့ပေးသင့်ပါတယ်။ အဲ့ဒီနောက် အနာဂတ်မှာ ကံကောင်းဖို့၊ အသင်းအတွက် စွမ်းဆောင်ပေးခဲ့တာတွေကို ကျေးဇူးတင်ကြောင်းပြောပြီး ရော်နယ်ဒို သွားချင်တဲ့နေရာအတွက် လေယာဥ်ပေါ်ကို တင်ပေးလိုက်သင့်ပါတယ်ဆိုပြီးတော့လည်း အိုလီဗာဟို့တ်က ဝေဖန်ရေးသားသွားခဲ့ပါတယ်။