ကိုဗစ်ကာလအတွင်းမှာ ကတိပေးခဲ့တာပါ။

လက်ရှိ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒို ဂျူဗင်တပ်စ်မှာ ကစားနေတုန်းက အဆိုပါ တူရင်ကလပ်အသင်းအနေနဲ့ သူတို့ရဲ့ ကြယ်ပွင့်ကို လျှို့ဝှက် ငွေကြေးပေးချေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဒီဖြစ်ရပ်တွေ ပေါ်ပေါက်လာခဲ့တာကြောင့် ဒဏ်ကြေးငွေ ပေါင် (၅၁) သန်းအထိ ဒဏ်ရိုက်ခံရဖွယ်ရှိကြောင်း သိရှိရပါတယ်။



ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ ကိုဗစ်ကာလအတွင်းမှာ ရော်နယ်ဒိုကို ပေါင် (၁၇) သန်းအထိ ပေးချေဖို့ ကတိပေးခဲ့ပြီး ဒီလိုမျိုး ငွေကြေးပေးချေမှုကို လျှို့ဝှက်အနေနဲ့သာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ (၂၀၁၉) ကနေ (၂၀၂၁) အထိ ကာလအတွင်း အသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းများကို အတုအပ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးခံနေရတာပါ။

ဒီလိုမျိုး စုံစမ်းစစ်ဆေးမှုတွေကြားထဲမှာ အခုလိုမျိုး ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ်တို့ တရားမဝင် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ လျှို့ဝှက်စာချုပ်ကိစ္စက ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ကိုဗစ်ကာလ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် ကစားသမားတွေကို လစာလျှော့ချမယ်လို့ ကြေညာခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း အဲ့ဒီနောက်ပိုင်းမှ ရော်နယ်ဒိုကို အခုလိုမျိုး ပေါင် (၁၇) သန်းပေးဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်စ်ကတော့ ဒီစွပ်စွဲမှုတွေအပေါ် ငြင်းဆန်ပယ်ချထားပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ရော်နယ်ဒိုကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစုံတရာ မှတ်ချက်ပေးခဲ့ခြင်းမရှိပါဘူး။

ဂျူဗင်တပ်စ်အနေနဲ့ အမှန်တကယ်သာ ပြစ်ဒဏ်ထင်ရှားခဲ့ပါက ဒဏ်ကြေးငွေ ပေါင် (၅၁) သန်းအထိ တပ်ရိုက်ခံရဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဒါဟာ ရော်နယ်ဒိုနဲ့ပတ်သက်တဲ့ ပြစ်မှုတခုတည်းအတွက်ဖြစ်ပြီး အခြားသော မသမာမှုတွေ ထပ်မံထွက်ပေါ်လာဦးမယ်ဆိုရင်လည်း ဂျူဗင်တပ်စ်အနေနဲ့ ကြီးလေးတဲ့ပြစ်ဒဏ်တွေ ထပ်မံချမှတ်ခံရဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က