ရော်နယ်ဒိုကိုခေါ်ယူဖို့အတွက် အက်သလက်တီကိုဘက်က ငြင်းဆန်ပယ်ချခဲ့တာပါ။
စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ နာမည်ကျော်တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရှိရပါတယ်။


ရော်နယ်ဒိုဟာ မက်ဒရစ်မြို့ခံကလပ်အသင်းဖြစ်တဲ့ ရီးရဲယ်မက်ဒရစ်ရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ယောက်ဖြစ်ပေမယ့် ကစားသမားရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်က ရော်နယ်ဒိုက အက်သလက်တီကိုပြောင်းရွှေ့နိုင်ဖို့ ချဥ်းကပ်ကြိုးစားခဲ့သေးတာပါ။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီး ဒီမတိုင်ခင်မှာ မန်စီးတီးအသင်းနဲ့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။


ဒါပေမယ့် လက်ရှိအချိန်မှာတော့ အခုလိုပဲ အက်သလက်တီကိုအသင်းကိုလည်း ရောက်ရှိဖို့ နီးစပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပြီး ရော်နယ်ဒိုကိုခေါ်ယူဖို့အတွက် အက်သလက်တီကိုဘက်က ငြင်းဆန်ပယ်ချခဲ့တာပါ။ အကြောင်းရင်းကတော့ ရော်နယ်ဒိုဟာ မြိုခံပြိုင်ဘက် ရီးရဲယ်မက်ဒရစ်ရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်ခဲ့လို့ ပရိသတ်တွေက ဒီအပြောင်းအရွှေ့ကို အမြင်မကြည်ဖြစ်မှာစိုးတာကြောင့်လို့ ဆိုပါတယ်။


ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်ကိုယ်တိုင်က အက်သလက်တီကိုနဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး ရော်နယ်ဒိုအနေနဲ့ အက်သလက်တီကို,ကို ရောက်ရှိလာသည့်တိုင် အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို သေချာပေါက်ခံရမယ်လို့ အသင်းတာဝန်ရှိသူတွေဘက်က တွက်ချက်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အက်သလက်တီကိုဟာ ရော်နယ်ဒိုကိုမခေါ်တော့ဘဲ ဘာစီလိုနာအသင်းမှာ ပုံစံကောင်းမပြသနိုင်တဲ့ အသင်းရဲ့ကစားသမားဟောင်း ဂရစ်ဇ်မန်းကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။


ဒါပေမယ့် ဂရစ်ဇ်မန်းကို ပြန်လည်ခေါ်ယူချိန်မှာလည်း အက်သလက်တီကိုပရိသတ်တွေက အမြင်မကြည်ခဲ့ဘဲ ဂရစ်ဇ်မန်းကို လှောင်ပြောင်မှုတွေရှိနေဆဲပါ။ ဂရစ်ဇ်မန်းဟာ တစ်ချိန်တုန်းက အက်သလက်တီကိုအသင်းကို အတင်းအကျပ်ဖိအားပေးပြီး ဘာစီလိုနာကိုပြောင်းရွှေ့သွားခဲ့တာကြောင့်လည်း အက်သလက်တီကိုပရိသတ်တွေက အခုလိုပဲ ကစားသမားအပေါ် အမြင်မကြည်ဖြစ်နေခဲ့တာပါ။ အဲ့ဒါကြောင့် အက်သလက်တီကိုအနေနဲ့ ရော်နယ်ဒိုကိုငြင်းပြီး ဂရစ်ဇ်မန်းကို ပြန်ခေါ်ခဲ့တာက သူတို့အတွက် အဆင်ပြေတဲ့အပြောင်းအရွှေ့မဖြစ်ခဲ့ဘဲ ရော်နယ်ဒိုက ခြေစွမ်းပြဂိုးသွင်းနေချိန်မှာ ဂရစ်ဇ်မန်းကပုံမှန်ခြေစွမ်းပြသဖို့ ရုန်းကန်နေရတာကြောင့် “မိအေးနှစ်ခါနာ” ဖြစ်ခဲ့ရပါတယ်။

Share

က္က