‌ရော်နယ်ဒိုကို အာဆင်နယ်ဆီ ခေါ်ဖို့ မော်ဂန်က တိုက်တွန်းခဲ့ဖူးပါတယ်။

ရော်နယ်ဒိုနဲ့ ခင်မင်ရင်းနှီးတဲ့ နာမည်ကျော်ပုဂ္ဂိုလ် ပီယာ့စ်မော်ဂန်ကတော့ သူ့ကို လှောင်ပြောင်ရယ်မောခဲ့တဲ့ အာဆင်နယ်ပရိသတ်တွေကို ထိုးနှက်ဝေဖန်လိုက်ပါတယ်။ ရော်နယ်ဒို ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ချိန်က အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလားရချင်ရင် ရော်နယ်ဒိုကို ခေါ်ယူသင့်ကြောင်း မော်ဂန်က အကြံပေးခဲ့တာပါ။



ဒါပေမယ့်လည်း အဲ့ဒီအချိန်တုန်းက အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်ရဲ့ ပရိသတ်တွေက မော်ဂန်ရဲ့ စကားတွေကို ပြက်ရယ်ပြုခဲ့ပါတယ်။ ရာသီသိမ်းချိန်မှာတော့ အာဆင်နယ်တို့ ဒုတိယနေရာက မန်စီးတီးကို ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား လွှဲပေးလိုက်ရပြီး ကြေကွဲစရာ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။

အဲ့ဒါကြောင့်လည်း မော်ဂန်က “မနှစ်က ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်ခွာခဲ့တဲ့အချိန်တုန်းက သူ့ကို အာဆင်နယ်က ခေါ်လိုက်ရင် ထိပ်တန်းအဆင့် ခေါ်ယူမှုဖြစ်မှာလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက အာဆင်နယ်ပရိသတ်တွေက ကျွန်တော့်ကို ရယ်ခဲ့ကြပါတယ်။ အခုရော သူတို့ ရယ်နေကြသေးလားဗျ” လို့ ထိုးနှက်သွားခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက အာဆင်နယ်ရဲ့ အဓိကတိုက်စစ်မှူး ဂျေးဆု ဒဏ်ရာရရှိသွားတာကြောင့် မော်ဂန်က ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် အာဆင်နယ်ကို အကြံပေးခဲ့တာပါ။ ဒါပေမယ့်လည်း အာဆင်နယ်ကတော့ ရော်နယ်ဒိုအတွက် လှုပ်ရှားမှုမရှိခဲ့သလို စိတ်ဝင်စားဟန်တောင် မပြခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုက ဆော်ဒီကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

မော်ဂန်ဟာ ရော်နယ်ဒိုနဲ့ ပုဂ္ဂိုလ်ရေးအရ တော်တော်လေး ရင်းနှီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ရော်နယ်ဒိုရဲ့ အမာခံပရိသတ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ ပတ်သက်ပြီးတော့လည်း မော်ဂန်က ယူနိုက်တက်ကို မကြာခဏ ပြန်လည်ထိုးနှက်လေ့ရှိပြီး အခုချိန်မှာတော့ အာဆင်နယ်ပရိသတ်တွေကို မော်ဂန်က ပစ်မှတ်ထား တိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က