ဂျာမနီနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ Marcus Schon ဆိုသူဟာ ရော်နယ်ဒိုကို အယ်လ်နာဆာကနေ ခေါ်ယူကာ ဘွန်ဒက်လီဂါမှာ ကစားခိုင်းမယ်ဆိုတဲ့ အစီအစဉ်ကို ကြံဆနေပါတယ်။ သူက ရော်နယ်ဒိုကို အယ်လ်နာဆာကနေ ခေါ်ယူရာမှာ ငွေကြေးစိုက်ထုတ်ကာ ခေါ်ယူမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ဘွန်ဒက်လီဂါမှာ ကစားစေမယ်လို့ ဆိုပါတယ်။
ဘိုင်ယန်မြူးနစ်အတွက် ရော်နယ်ဒိုကို ကစားစေချင်နေပြီး ဘိုင်ယန်ကသတ်မှတ်ထားတဲ့ အခြေခံလစာထက် ပိုတဲ့ ပမာဏကိုလည်း သူက စိုက်ထုတ်ပေးမယ်လိုံလည်း ဆိုပါတယ်။ ရော်နယ်ဒိုကို ခေါ်ယူတဲ့အတွက် သူ ကုန်ကျခဲ့တာတွေအတွက်ကိုတော့ ကစားသမားရဲ့ ဂျာစီကို ရောင်းချမှုကနေ အမြတ်အစွန်းပြန်ရှာဖို့ဆိုပြီး တွေးတောထားတာပါ။
ဒီအကြောင်းကိုလည်း သူက ဘိုင်ယန်မြူးနစ်ကို ပြောဆိုထားတယ်လို့ ဂျာမနီသတင်းစာ Abendzeitung က ဖော်ပြခဲ့ပါတယ်။ တကယ်လို့သာ ဘိုင်ယန်ဘက်က ဒါကို သဘောတူတယ်၊ သူကလည်း ရော်နယ်ဒိုကို ရအောင်စည်းရုံးနိုင်ခဲ့မယ်ဆိုရင် ဒါဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးအပြောင်းအရွှေ့တွေထဲက တခုဖြစ်လာဖွယ်ရာရှိပါတယ်။
လက်ရှိအချိန်ထိတော့ ဒါက စိတ်ကူးထားတဲ့ လုပ်ငန်းစဉ်တခုအဖြစ်နဲ့သာ ရှိပါသေးတယ်။ ဒါပေမယ့် ဆော်ဒီမှာ နေထိုင်ရတာ အဆင်မပြေဖြစ်နေပြီး ဥရောပကို ပြန်လာချင်တယ်လို့ သတင်းထွက်နေတဲ့ ရော်နယ်ဒိုရဲ့ အနေအထားကြောင့် ဒါက ဖြစ်မလာနိုင်ဘူးလို့လည်း မဆိုနိုင်ပါဘူး။
ဒီလူရဲ့ အကြံအစည်ဟာ တချိန်တုန်းက တီဗက်ဇ်နဲ့ မာရှေရာနိုကို ပိုင်ဆိုင်ခဲ့တဲ့ ဂျော်ရတ်ချီယန်ရဲ့ Third Party က ကစားသမားတဦးကို ပိုင်ဆိုင်တယ်ဆိုတဲ့ အနေအထားနဲ့ တူညီနေမှာလည်းဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ လက်ရှိမှာ အယ်လ်နာဆာအတွက် လိဂ်ပွဲ ၁၄ ပွဲကစားထားပြီး ၁၃ ဂိုးသွင်းယူပေးထားပါတယ်။