ရော်နယ်ဒိုနဲ့ဆိုးလ်ရှား၊ ဆိုးလ်ရှားနဲ့ယူနိုက်တက်တို့ရဲ့ နောက်ပိုင်းအခြေအနေတွေက စိတ်ဝင်တစားစောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။

“ရော်နယ်ဒိုက အသက် (၃၆) နှစ်ပါ။ ကျွန်တော်တို့ သူ့ရဲ့ ပွဲကစားချိန်မိနစ်တွေကို စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်” လို့ဆိုခဲ့ဖူးတဲ့ ဆိုးလ်ရှားဟာ အဲဗာတန်နဲ့ပွဲမှာ ရော်နယ်ဒိုကို အရံခုံမှာသာ ထိုင်ခိုင်းခဲ့ပါတယ်။



အဲ့ဒီပွဲမှာ ရော်နယ်ဒို လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် အသင်းက အိမ်ကွင်းမှာ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရသလို ဆိုးလ်ရှားအပေါ် ဝေဖန်မှုတွေလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်က ပွဲတိုင်းပါဝင်ကစားလိုတဲ့ ဆန္ဒရှိနေပြီး ဒီအတွက်လည်း သူ့မှာလုံလောက်တဲ့ ကြံ့ခိုင်မှုကို ပိုင်ဆိုင်ထားတာပါ။

ဆိုးလ်ရှားရဲ့ ဒီလုပ်ရပ်အပေါ် ဖာဂူဆန်ကပါ ဝေဖန်ခဲ့ပေမယ့် ဆိုးလ်ရှားကတော့ ခေါင်းမာမာနဲ့ပဲ လက်စတာကိုရှုံးတဲ့ပွဲမတိုင်ခင်မှာ ဖာဂူဆန်ကိုပါ ရည်ရွယ်တုံ့ပြန်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း အသင်းက ရလဒ်တွေ သိသိသာသာဆိုးရွားလာခဲ့ပြီး အသင်းရဲ့ Icon တွေလို့ပြောရမယ့် ရော်နယ်ဒို၊ ပေါ့ဘာတို့အပါအဝင် ယူနိုက်တက်ကစားသမားတွေကပါ ဆိုးလ်ရှားကို စိတ်ပျက်နေပြီဆိုတဲ့ အသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ နည်းဗျူဟာမရှိ၊ ရည်ရွယ်ချက်ခိုင်ခိုင်မာမာမရှိတဲ့ ကစားကွက်မှာ ဆန်ချို၊ ရော်နယ်ဒို၊ ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာတို့အားလုံး တဖြည်းဖြည်းရုန်းကန်လာရပါပြီ။ အသင်းဘုတ်အဖွဲ့က ဆိုးလ်ရှားကို အပြည့်အဝထောက်ခံပေးထားတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း နည်းပြသစ်နေရာအတွက် ယူနိုက်တက်တို့ လှုပ်ရှားနေတဲ့သတင်းတွေ မသိုးမသန့်ထွက်ပေါ်လာပါတယ်။

စပိန်ရုပ်သံလိုင်းတစ်ခုရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ရော်နယ်ဒိုရဲ့ ထောက်ခံမှုနဲ့အတူ ဇီဒန်းဆီဆက်သွယ်ခဲ့တယ်လို့သိရပြီး ဇီဒန်းအနေနဲ့လည်း ယူနိုက်တက်ဘက်က ကမ်းလှမ်းလာရင် ငြင်းဆန်ဖို့ စိတ်ကူးမရှိဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။ ရော်နယ်ဒိုနဲ့ဇီဒန်းတို့က ရီးရဲယ်မက်ဒရစ်ရဲ့ နောက်ပိုင်းနှစ် ချန်ပီယံလိဂ်အောင်မြင်မှုတွေအတွက် မဏ္ဍိုင်ပုဂ္ဂိုလ်တွေဖြစ်ခဲ့ကြတာပါ။

ဒါ့အပြင် အသင်းနဲ့စာချုပ်သစ်မချုပ်ရသေးတဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကလည်း ဇီဒန်းနဲ့ လက်တွဲခွင့်ရဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ရော်နယ်ဒိုရဲ့ ထောက်ခံမှုတစ်ခုက ယူနိုက်တက်အတွက်တော့ “တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်” ဖြစ်လာနိုင်မလား၊ ရော်နယ်ဒိုကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့ ဆိုးလ်ရှားတစ်ယောက် အားမတန်၊ မာန်လျှော့ပြီး ရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုအောက်မှာ အဝေးကိုလွင့်စင်သွားမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရတော့မှာလည်းဖြစ်ပါတယ်။ 

Share

က္က