ကစားသမားဘ၀က အနားယူပြီးနောက်မှာ podcast တွေ ဖန်တီးပြီးတော့ ပရိသတ်တွေနဲ့ ထိတွေ့နေတဲ့ အဂူရိုတယောက် ရော်နယ်ဒိုကို သာမန်ကစားသမားလို့ ပြောဆိုမိခဲ့တာကို ပြန်ဖြေရှင်းနေရပါတယ်။ သူ့ရဲ့ စီစဉ်တင်ဆက်မှုတခုမှာ သူက ရော်နယ်ဒိုကို သာမန်ကစားသမားလို့ ပြောဆိုခဲ့တာဖြစ်ပြီး ပရိသတ်တွေဆီက ဝေဖန်မှုတွေကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဂူရိုက ဒါဟာ သူ သက်သက်စနောက်ခဲ့တာသာဖြစ်ပြီး သူ့အနားမှာ ရီးရဲလ်မက်ဒရစ်ပရိသတ်ဖြစ်သူ သူငယ်ချင်း Ibai ရှိနေခဲ့တာကြောင့်လို့ ပြောဆိုခဲ့ပါတယ်။ အဂူရိုဟာ မကြာဏဆိုသလို ဒီလိုအငြင်းပွားစရာတွေကို ပြောဆိုလေ့ရှိပြီး အာဂျင်တီးနားအသင်းဖော်ဟောင်း လီယွန်နယ်မက်ဆီက ရော်နယ်ဒိုထက် ပိုကောင်းတယ်လို့ ခံယူထားသူလည်းဖြစ်ပါတယ်။
"ရော်နယ်ဒိုကို သာမာန်ကစားသမားဆိုပြီး ကျနော်ပြောခဲ့လို့ ပြစ်တင်ဝေဖန်ခံရတာတွေ အများကြီးကို လက်ခံရရှိခဲ့ပါတယ်၊ အဲဒီတုန်းက ကျနော့်နားမှာ Ibai ရှိနေခဲ့တာပါ၊ သူက ရီးရဲလ်မက်ဒရစ် ပရိသတ်တဦးဖြစ်ပြီးတော့ အဲဒါကြောင့်လည်း ရော်နယ်ဒိုကို သာမန်ကစားသမားဆိုပြီး ကျနော်စနောက်ခဲ့တာပါ" လို့ အဂူရိုက ဆိုပါတယ်။
ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့ ပရိသတ်တွေကတော့ အဂူရိုရဲ့ ပြောဆိုမှုကို ဒေါသထွက်ပြီး ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်ခဲ့ကြလို့ အာဂျင်တီးနားသားတယောက် နည်းနည်းတော့ အဆင်မပြေဖြစ်ခဲ့ရဟန်ရှိပါတယ်။
"ကျနော်က မန်စီးတီးနဲ့ ဘာစီလိုနာပရိသတ်ပါ၊ ဒါက ရီးရဲလ်မက်ဒရစ်ကို ကျနော် မုန်းတီးနေတယ်လို့လည်း မဆိုနိုင်ဘူးလေ၊ တခြားအသင်းကို အားပေးတာနဲ့ နောက်တသင်းကို မုန်းတီးတယ်လို့ မှတ်ယူလို့မရပါဘူး" လို့လည်း အဂူရိုက ထပ်ပြောခဲ့ပါသေးတယ်။