အာဆင်နယ်နဲ့ပွဲမတိုင်ခင်မှာပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က မကြာခင်မှာ ကစားတော့မယ့် ယူနိုက်တက်နဲ့အာဆင်နယ်ပွဲစဥ်အတွက် ရော်နယ်ဒိုအရံခုံမှာပဲ ဆက်ထိုင်ရမယ့်အကြောင်းကို အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ကို မနှစ်ကလို ပုံစံမျိုးနဲ့ မြင်တွေ့ရမှာ မဟုတ်ဘူးလို့ပါ တန်ဟက်ခ်က တခါတည်းပြောကြားသွားခဲ့ပါတယ်။



ယူနိုက်တက်ဟာ လက်ရှိပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အာဆင်နယ်ကို အိုးထရက်ဖို့ဒ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။ ဒီပွဲမှာ ရော်နယ်ဒိုက ပွဲထွက်ခွင့်ရရှိဖို့ မျှော်လင့်နေသလို အချို့သောပရိသတ်တွေကလည်း ရော်နယ်ဒိုက အာဆင်နယ်နဲ့ပွဲအတွက် ပထမကစားသမား (၁၁) ယောက် စာရင်းမှာ ပါဝင်လာနိုင်ကြောင်း သုံးသပ်နေပါတယ်။

ဒါပေမယ့် တန်ဟက်ခ်က “ကျနော်တို့ ဒီအကြောင်းကို ပြောခဲ့သလိုပဲ ရော်နယ်ဒိုက ဒီမှာရှိနေပါတယ်။ နောက်ပြီး သူက အသင်းနဲ့ ရာသီကြိုပြင်ဆင်မှုမရှိခဲ့တာကိုလည်း ကျနော်တို့အားလုံး အသိပါပဲ။ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေကို လွဲချော်လို့မရပါဘူး။ ဒါက အခြေခံပါ။ အထူးသဖြင့် ကျနော်တို့ ကစားရမယ့်ပွဲ၊ ကစားချင်တဲ့ပုံစံတွေနဲ့ ပတ်သက်လို့ပေါ့”

“ကျနော်တို့ကို မနှစ်ကလို ပုံစံမျိုးနဲ့ မြင်တွေ့ရမှာမဟုတ်ပါဘူး။ ဒါကို နှိုင်းယှဥ်စရာတောင် မလိုပါဘူး။ ရော်နယ်ဒို အသင်းနဲ့အတူ ပွဲထွက်ခွင့်ရဖို့၊ မရဖို့ဆိုတာက ပူးပေါင်းဆောင်ရွက်မှုအပေါ်ရယ်၊ သူ့ရဲ့ ကြံ့ခိုင်မှုအပေါ်ရယ် မူတည်နေပါတယ်။ ဒါပေမယ့် အခုမှ ရာသီအစောပိုင်းပဲရှိပါသေးတယ်”

“ကျနော်တို့ လူစာရင်းနဲ့ ပွဲထွက်ကစားသမား (၁၁) ယောက်ထက် ပိုရှိထားပါတယ်။ ဒါကို အခု ခင်ဗျားတို့လည်း မြင်တွေ့နေရပါတယ်” လို့ ပြောကြားထားပါတယ်။ တန်ဟက်ခ်ဟာ ရော်နယ်ဒိုအပြင် အသင်းခေါင်းဆောင် မက်ဂွိုင်းရားကိုပါ အရံခုံပို့ထားခဲ့ပြီး ဒီကစားသမားတွေကတော့ ယူရိုပါလိဂ်နဲ့ ပြည်တွင်းဖလားပွဲတွေမှာသာ အဓိကပွဲထွက်ခွင့်ရဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က