ယူရိုခြေစစ်ပွဲအတွက် ပေါ်တူဂီလူစာရင်းမှာ ပါဝင်ခဲ့တာပါ။

ယူရိုခြေစစ်ပွဲတွေအတွက် ပေါ်တူဂီလူစာရင်းကို နည်းပြသစ် ရောဘတ်တိုမာတီနက်ဇ်က ထုတ်ပြန်ခဲ့ရာမှာ ရော်နယ်ဒိုပါဝင်လာခဲ့ပါတယ်။ ဒီလနှောင်းပိုင်းမှာ ပေါ်တူဂီက လက်ချင်စတိန်း၊ လူဇင်ဘတ်တို့နဲ့ ကစားရမှာဖြစ်ပြီး မာတီနက်ဇ်အတွက် ပထမဆုံးသော ပြိုင်ပွဲတွေဖြစ်ပါတယ်။ သူ့ရဲ့ လူစာရင်းမှာ အသင်းခေါင်းဆောင်ရော်နယ်ဒိုကို ထည့်သွင်းရွေးချယ်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက လက်ရွေးစင်အသင်းကနေ ချန်လှပ်ခံရမယ်ဆိုတဲ့ သတင်းတွေကို ပျက်ပြယ်စေခဲ့ပါပြီ။ 

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့တဲ့ ရော်နယ်ဒိုက ပေါ်တူဂီနည်းပြသစ်ဖြစ်လာတဲ့ မာတီနက်ဇ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ အယ်လ်နာဆာတိုက်စစ်မှူးကတော့ အသက် ၃၈ နှစ်အရွယ်ရှိနေပြီဖြစ်ကာ အခုတော့ ယူရိုခြေစစ်ပွဲတွေမှာ အသင်းရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ 

နိုင်ငံတကာသွင်းဂိုးအများဆုံးရယူထားတဲ့ ရော်နယ်ဒိုဟာ အသင်းငယ်လေးတွေနဲ့ ရင်ဆိုင်ရမယ့်ပွဲတွေမှာ ပွဲထွက်ခွင့်ရဖို့ သေချာသလောက်ရှီနေပြီး သူ့ရဲ့ သွင်းဂိုးစံချိန်ကို ထပ်ပြီးမြှင့်တင်နိင်ဖို့ အခွင့်အရေးလည်းဖြစ်ပါတယ်။ လက်ရှိမှာ သူက ၁၁၈ ဂိုးအထိ ရရှိထားတာဖြစ်ပြီး သူ့စံချိန်ကို လိုက်မီဖို့အတွက်တော့ တော်တော်လေးခဲယဉ်းနေပြီဖြစ်ပါတယ်။ 

မာတီနက်ဇ်က သူ့ရဲ့ လူရွေးချယ်မှုနဲ့ ပတ်သက်ပြီး "ရော်နယ်ဒိုက အရမ်းစိတ်အားထက်သန်တဲ့ ကစားသမားပါ၊ သူက အတွေ့အကြုံတွေကို ယူဆောင်လာနိုင်ပြီး အသင်းအတွက် အရမ်းအရေးကြီးတဲ့ ကစားသမားတဦးပါ၊ အသက်အရွယ်ကို ကျနော်မကြည့်ခဲ့ပါဘူး" လို့ သတင်းထောက်တွေကို ပြောဆိုသွားခဲ့ပါတယ်။ 

ပေါ်တူဂီကတော့ အုပ်စုတွင်းမှာ အိုက်စလန်၊ ဘော့စနီးယား၊ စလိုဗက်ကီးယား၊ လက်ချင်စတိန်း၊ လူဇင်ဘတ်တို့နဲ့အတူ ကျရောက်နေတာကြောင့် ခြေစစ်ပွဲအောင်မြင်မှုဖို့ လွယ်ကူတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ 


Share

Loading Next Article...
က္က