တန်ဟက်ဂျ်က ဒီလိုကိုင်တွယ်ဖြေရှင်းပုံမှာတော့ ဆရာကျပါတယ်။

မန်စီးတီးနဲ့ပွဲမှာ တိုက်စစ်မှူးရော်နယ်ဒိုကို လူစားမလဲလှယ်ခဲ့တာက ဒီကစားသမားရဲ့ ကြီးကျယ်ခမ်းနားခဲ့တဲ့ ကစားသမားဘ၀ကို လေးစားလို့ဖြစ်တယ်လို့ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်က ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ မန်စီးတီးကို ပထမပိုင်းမှာပဲ ၄ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ဒုတိယပိုင်းမှာ လူစားလဲမှုတွေပြုလုပ်ခဲ့ကာ ၃ ဂိုးပြန်လည်သွင်းယူနိုင်ခဲ့လို့ သူတို့ရဲ့ ရှုံးပွဲက အရှက်တကွဲအကျိုးနည်းမဖြစ်ခဲ့တာပါ။ 

ကစားသမားတွေကို အပြောင်းအလဲပြုလုပ်ခဲ့ရာမှာတော့ တန်ဟက်ဂျ်က ရော်နယ်ဒိုကို ထည့်သွင်းခြင်းမရှိဘဲ မာရှယ်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ မာရှယ်က လူစားဝင်လာပြီးနောက် သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပွဲကစားအရှိန်ရှိနေတဲ့ ရော်နယ်ဒိုကိုထည့်သွင်းခြင်းမပြုခဲ့တဲ့အတွက် ဝေဖန်မှုတွေက ရှိနေခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ တန်ဟက်ဂျ်က "သူ့ကို အသုံးမပြုခဲ့တာက သူ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘ၀ကို လေးစားလို့ပါ" လို့သာ ပြောဆိုခဲ့ပြီး အသေးစိတ်ကိုတော့မပြောခဲ့ပါဘူး။ ဒါက ပြိုင်ဘက်ကို ဂိုးပြတ်ရှုံးနိမ့်နေချိန်မှာ ရော်နယ်ဒိုကို ထည့်သွင်းကစားစေတာက ကစားသမားကို စော်ကားရာရောက်မယ်လို့ တန်ဟက်ဂျ်ဘက်က ယူဆခဲ့တာဖြစ်မယ်လို့ အားလုံးက သုံးသပ်နေကြပါတယ်။ 



"မာရှယ်ကို ထည့်သွင်းမယ်ဆိုရင် တခြားသောအရာတွေကို ယူဆောင်နိုင်လာမှာမို့လို့ပါ၊ သူ ပွဲကစားဖို့လည်းလိုအပ်နေလို့ပါ၊ ဒါပေမယ့် ဒါကို ကျနော်အများကြီး မညွှန်းဆိုချင်ပါဘူး" လို့ တန်ဟက်ဂျ်က ထပ်ပြောခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ မိတ်ဆွေဖြစ်သူပီးရက်စ်မော်ဂန်ကတော့ တန်ဟက်ဂျ်ရဲ့ ဖြေရှင်းချက်ကို လက်သင့်မခံဘဲရှိနေခဲ့ပြိး တွစ်တာကနေ ဝေဖန်ခဲ့ပါတယ်။ 

"ယူနိုက်တက်ရဲ့ ဒီရာသီအကောင်းဆုံးပွဲမှာ ရော်နယ်ဒိုက အရန်ခုံမှာ ထိုင်နေရတာကို စဉ်းစားကြည့်၊ ကစားသမား ၅ ဦးကို ထည့်သွင်းခဲ့ပြီး ဒါကို ရော်နယ်ဒိုအပေါ် လေးစားတာပါဆိုပြီးတော့ ပြောနေတာလား" လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အရန်ခုံမှာ စိတ်မကြည်မသာနဲ့ ရှိနေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က