ယူနိုက်တက် နောက်ခံလူဟောင်း အဲရစ်ဘိုင်ယီက ရော်နယ်ဒို ယူနိုက်တက်ကနေ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ထွက်ခွာခဲ့ရတာက ရှက်စရာကောင်းတဲ့ ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘိုင်ယီဟာ မော်ရင်ဟိုလက်ထက်က အသင်းကို စတင်ရောက်ရှိလာခဲ့တဲ့ ကစားသမားပါ။
ဒါပေမယ့် သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝက အမြဲတမ်းလိုလို ဒဏ်ရာပြဿနာတွေ၊ ကြံ့ခိုင်မှုပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း အသင်းက စိတ်ရှည်သည်းခံမှု ကုန်ဆုံးခဲ့တဲ့နောက် အခြားသောအသင်းတွေမှာ ပတ်ကစားရင်းနဲ့ပဲ အချိန် ကုန်ဆုံးနေရပါတယ်။
သီးသန့်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာတော့ ဘိုင်ယီက ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရပုံနဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့ပါတယ်။ ဘိုင်ယီက “ရော်နယ်ဒိုက ယူနိုက်တက်ကို ပြန်လာခဲ့ပြီး ဒါက ဂန္တဝင်ကစားသမားတစ်ယောက် ပြန်လာသလိုမျိုးပါပဲ”
“သူက ကျွန်တော့်အတွက်တော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ သူ ယူနိုက်တက်ကို ပြန်ရောက်လာချိန်မှာလည်း အသင်းအတွက် အများကြီး လုပ်ပေးနိုင်ခဲ့ပြီး သူ့လို ကစားသမားမျိုးက အရေးပါတယ်လို့ ခံစားသင့်တဲ့ ထိုက်တန်မှုမျိုး ရှိပါတယ်။ သူ ယူနိုက်တက်ကနေ ပြန်လည်ထွက်ခွာသွားရတဲ့ကိစ္စတွေက ရှက်ဖို့ကောင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တန်ဟက်ခ်နဲ့ ပြဿနာဖြစ်ပွားခဲ့တဲ့နောက် ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင်ကြီးက ဆော်ဒီကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့ပြီး လက်ရှိအချိန်အထိ ခြေစွမ်းပြနေဆဲဖြစ်ပါတယ်။