ရော်နယ်ဒိုနဲ့လည်းရင်းနှီး၊ ရော်နယ်ဒိုရဲ့ အမာခံပရိသတ်တယောက်လည်းဖြစ်တဲ့ ပီယာ့စ်မော်ဂန်ဟာ မနေ့ညက လီဗာပူးနဲ့ပွဲမှာ ရော်နယ်ဒိုကို အရံခုံမှာထားခဲ့တဲ့ နည်းပြတန်ဟက်ခ်ကို ရာထူးကထုတ်ပယ်သင့်ကြောင်း ပွဲမတိုင်ခင် သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။ တန်ဟက်ခ်ဟာ မနေ့ညကပွဲမှာ ရော်နယ်ဒိုအပြင် အသင်းခေါင်းဆောင် မက်ဂွိုင်းရားကိုပါ အရံခုံမှာထားခဲ့တာပါ။
အဲ့ဒါကြောင့်လည်း ပီယာ့စ်မော်ဂန်က “လီဗာပူးနဲ့ရင်ဆိုင်ဖို့အတွက် ရော်နယ်ဒိုကို အရံခုံထိုင်ခိုင်းပြီး အီလန်ဂါကို ပွဲထုတ်ခဲ့တာက ယူနိုက်တက်ရဲ့စံနှုန်းတွေနဲ့ ပတ်သက်ပြီးပြောရရင် ဘောလုံးသမိုင်းတလျှောက်မှာ အမိုက်မဲဆုံး ဆုံးဖြတ်ချက်တွေထဲကတခုပါ။ တကယ်လို့ ဒီညမှာသာ လီဗာပူးကို ရှုံးခဲ့ရင် တန်ဟက်ခ်ကို ထုတ်ပယ်သင့်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရှုံးမှ တန်ဟက်ခ်ကို ထုတ်ဖို့ ကျနော်ပြောရမလား” လို့ ပွဲမစခင် တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ဒါပေမယ့်လည်း တကယ်တမ်းပွဲကစားချိန်မှာတော့ ယူနိုက်တက်က တသင်းလုံး ခြေစွမ်းပြခဲ့ကြပြီး လီဗာပူးကို ၂-၁ ဂိုးနဲ့ အနိုင်ယူကာ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲကို ရရှိခဲ့ပါတယ်။ တန်ဟက်ခ်ကလည်း ရော်နယ်ဒိုကို ပွဲကစားချိန် မိနစ် (၈၀) ကျော်မှ လူစားထည့်သွင်းကစားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိနွေရာသီမှာ ယူနိုက်တက်က ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ကစားသမားပါ။
လီဗာပူးနဲ့ပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့ ရွန်းနီကလည်း တိုက်တွန်းခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းကလည်း ပီယာ့စ်မော်ဂန်က ရော်နယ်ဒိုအပေါ် မနာလိုစိတ်ကို လျှော့ချဖို့ ရွန်းနီကို ပြန်လည်ဝေဖန်တိုက်ခိုက်ခဲ့ပါသေးတယ်။ တန်ဟက်ခ်ဟာ လီဗာပူးနဲ့ပွဲ ပထမပိုင်းမှာ အီလန်ဂါကို လူစားလဲခဲ့ပါသေးတယ်။
ဒါပေမယ့် အဲ့ဒီအချိန်မှာလည်း ရော်နယ်ဒိုကို ထည့်သွင်းခဲ့ခြင်းမရှိဘဲ သူ့အတွက် ရာသီကြိုခြေစမ်းပွဲမှာ တောက်လျှောက်ခြေစွမ်းပြခဲ့တဲ့ မာရှယ်လ်ကိုသာ ထည့်သွင်းကစားခဲ့ပါတယ်။ မာရှယ်လ်ကလည်း ခြေစွမ်းပြနိုင်ခဲ့ပြီး ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးအတွက် အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့သလို လီဗာပူးနောက်တန်းကိုလည်း ဒုက္ခပေးနိုင်ခဲ့ပါတယ်။