ရော်နယ်ဒိုရဲ့ပွဲထွက်ခွင့်နဲ့ပတ်သက်လို့ ဆိုးလ်ရှားက ခေါင်းမာဦးမယ့်ပုံပါပဲ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက မနက်ဖြန် ကစားမယ့် လက်စတာနဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ရော်နယ်ဒိုရဲ့ ပွဲထွက်ခွင့်နဲ့ပတ်သက်လို့ ထပ်မံပြောကြားခဲ့ပါသေးတယ်။



ဆိုးလ်ရှားဟာ ယူနိုက်တက်နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ ရော်နယ်ဒိုကို အရံခုံထိုင်ခိုင်းခဲ့ပြီး လူစားဝင်ကစားသမားအဖြစ်ပဲ အသုံးပြုခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ လုပ်ရပ်ကို ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ကပါ ဝေဖန်ခဲ့ရပေမယ့် ဆိုးလ်ရှားကတော့ ရော်နယ်ဒိုနဲ့ပတ်သက်လို့ သူ့ရဲ့ နောက်ထပ်ဆုံးဖြတ်ချက်တွေကို ရဲရဲဝံ့ဝံ့ထပ်မံချမှတ်သွားဦးမယ့်ပုံပါပဲ။

ရော်နယ်ဒိုဟာ နိုင်ငံတကာရက်သတ္တပတ်အတွင်း ပေါ်တူဂီအတွက် ကစားပေးခဲ့တဲ့ ပွဲစဥ် (၂) ပွဲမှာ (၄) ဂိုးအထိ သွင်းယူခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုရဲ့ ပွဲကစားချိန်ကို စနစ်တကျ သတ်မှတ်သွားမယ်လို့ဆိုခဲ့ဖူးတဲ့အတိုင်း ဆိုးလ်ရှားကတော့ ဆက်လက်ခေါင်းမာသွားဖို့ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆိုးလ်ရှားက အခုလိုပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက “ရော်နယ်ဒိုက ထူးခြားကောင်းမွန်တဲ့ ကစားသမား၊ ထူးချွန်တဲ့ အဆုံးသတ်သမား၊ ထူးခြားကောင်းမွန်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။ သူ့ကို ပွဲထွက်ကစားသမားစာရင်းက ချန်လှပ်ခဲ့ရတာ တကယ်ခက်ခဲပါတယ်။ လူတိုင်းကတော့ သူကစားတာကို မြင်ချင်မှာပဲ”


“တကယ်လို့ ခင်ဗျားသာဆိုရင်ရော (၆) ရက်အတွင်း (၆) ပွဲကစားရမယ်ဆိုရင် တစ်ချိန်လုံး တူညီတဲ့ ကစားသမား (၁၁) ယောက်ကိုပဲ သုံးမလား? ရော်နယ်ဒိုက ထိပ်တန်းကစားသမားဟုတ်ပါတယ်။ ဒါပေမယ့် အလှည့်ကျစနစ်နဲ့သွားရပါမယ်။ လာမယ့်ဧပြီ၊ မေမှာ ကျွန်တော်တို့ ကစားသမားတွေအကုန်လုံး မီးကုန်ယမ်းကုန် ကစားနိုင်ဖို့ လိုအပ်ပါတယ်”

“ပြီးခဲ့တဲ့ရာသီက မေလည်းရောက်ရော ကျွန်တော်တို့ အရမ်းပင်ပန်းနေပါပြီ။ ကျွန်တော်က အသင်းအတွက် ကစားသမားတွေကို စီမံခန့်ခွဲရတဲ့သူပါ။ ရော်နယ်ဒိုကွင်းထဲမှာရှိနေတာ ကောင်းပါတယ်။ သူက အကောင်းဆုံးဆိုတာတွေနဲ့ပဲ ရောက်လာသူပါ။ အဲ့ဒီတော့ သူ့ကိုကွင်းထဲမှာ ပိုထားနိုင်ရင် ပိုမကောင်းဘူးလား” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ မနက်ဖြန်၊ စနေညမှာ လက်စတာကို အဝေးကွင်းပွဲစဥ်အဖြစ် သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဗီလာ၊ အဲဗာတန်တို့နဲ့ အိမ်ကွင်းပွဲတွေမှာ အမှတ်လျော့ခဲ့တာကို ပြန်လည်ကုစားနိုင်ဖို့ သေချာပေါက်လိုအပ်နေပါပြီ။ 

Share

Loading Next Article...
က္က