စီးရီးအေကလပ်လာဇီယိုအသင်းဟာ ဒီနှစ်အစောပိုင်းက ပေါ်တူဂီတိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် အခွင့်အရေးရခဲ့ပေမယ့်လည်း အသင်းဥက္ကဌဟောင်းဖြစ်သူက ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ဘူးလို့ အေးဂျင့် အလက်ဇန်ဒရိုမော့ဂီက ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
လာဇီယိုကို ရော်နယ်ဒိုရဲ့ အေးဂျင့်ဟောင်းဖြစ်တဲ့ ဂျော့မန်ဒက်စ်က ချဉ်းကပ်ခဲ့တာဖြစ်ပြီး သူ့တိုက်စစ်မှူးကို ခေါ်ယူခွင့်ရနိုင်မယ့် အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါအချိန်တုန်းက လာဇီယိုဥက္ကဌဖြစ်သူက ပေါ်တူဂီရော်နယ်ဒိုကို ခေါ်ယူမယ့်အစား ခေါ်ယူလို့ရမယ်ဆိုရင် ဘရာဇီးလ်ရော်နယ်ဒိုကြီးကိုသာ ခေါ်ယူမယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
မော့ဂီက Calciomercato သတင်းဌာနကို ပြောဆိုခဲ့ရာမှာတော့ "မန်ဒက်စ်က လာဇီယိုအားကစားဒါရိုက်တာဟောင်းဂီအန်မာကိုကယ်လာရီနဲ့ ရင်းနှီးတယ်လေ၊ ရော်နယ်ဒိုအတွက် ကျနော်တို့လည်း အဲဒီတုန်းက လာဇီယိုဥက္ကဌ ဆာဂျီယိုခရက်ဂျ်နော့တီကို အဆိုပြုခဲ့ကြပါတယ်၊ ဒါပေမယ့် သူ့အဖြေကတော့ ရော်နယ်ဒိုကို သူ မလိုချင်ဘူးတဲ့၊ သူက တကယ့် ရော်နယ်ဒို (ဒိုကြီး) ကိုပဲ လိုချင်တာ၊ ဒါကြောင့် ကျနော်တို့ ညှိနှိုင်းတာတွေတောင်မလုပ်လိုက်ရဘူး" လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း လာဇီယိုဟာ ခရက်ဂျ်နော့တီလက်ထက် စီးရီးအေဖလားနဲ့ ဥရောပ Cup Winners' Cup ကို ဆွတ်ခူးနိုင်ခဲ့စဉ်က ခရစ္စတီယာနိုရော်နယ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမယ့် ငြင်းဆန်ခဲ့မိလို့ နောင်တရခဲ့ရပါသေးတယ်။ ရော်နယ်ဒိုက ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့မှာ ကစားခဲ့ပြီး ဘလွန်းဒီအောဆု ၅ ဆု၊ ချန်ပီယံလိဂ်ဖလား ၅ လုံးနဲ့ ပြည်တွင်းဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ကာ လာဇီယိုကတော့ ၂၀၀၂ ကစပြီး အောင်မြင်မှုလုံး၀မရရှိခဲ့ပါဘူး။
လက်ရှိမှာ အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုက ဆော်ဒီကလပ်အယ်လ်နာဆာမှာ ကစားနေပြီး လိဂ်ပွဲ ၅ ပွဲကစားပေးထားရာမှာ ၈ ဂိုးသွင်းယူကာ ခြေစွမ်းပြနေပါတယ်။ ယူနိုက်တက်က ထွက်ခွာဖို့ပြင်ဆင်ချိန်မှာ ရော်နယ်ဒိုက ဥရောပအသင်းတွေကို ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဆော်ဒီကို ပြောင်းရွှေ့သွားခဲ့ရတာလည်းဖြစ်ပါတယ်။