အက်သလက်တီကိုက ကစားသမားဝယ်ယူပြီး ပြန်ရောင်းဖို့ ပြင်ဆင်နေတာပါ။

အက်သလက်တီကိုဟာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်လာတယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုကိုယ်တိုင်က ချန်ပီယံလိဂ်ကစားခွင့်ရမယ်ဆိုရင် အက်သလက်တီကိုထံ ပြောင်းရွှေ့ဖို့လည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။



ဒါပေမယ့် အဆိုပါ စပိန်ကလပ်အသင်းရဲ့ လက်ရှိဘဏ္ဍာရေးအခြေအနေက ရော်နယ်ဒိုကို ခေါ်ယူဖို့ ခက်ခဲနေပါတယ်။ လာလီဂါဘဏ္ဍာရေးစည်းမျဥ်းအရ အက်သလက်တီကိုဟာ ကစားသမားတွေရဲ့ လုပ်ခလစာကို လျှော့ချဖို့ လိုအပ်နေပါတယ်။ အဲ့ဒါကြောင့်လည်း ဘာစီလိုနာကနေ အငှားနဲ့ လာကစားနေတဲ့ ဂရစ်ဇ်မန်းကို အပြီးသတ်ခေါ်ယူပြီး ပီအက်စ်ဂျီထံ ရောင်းချဖို့ ပြင်ဆင်နေတာပါ။

ဂရစ်ဇ်မန်းရဲ့ အငှားစာချုပ်မှာ အက်သလက်တီကိုအနေနဲ့ ဒီကစားသမားကို (၂၀၂၃) ဇွန်မတိုင်ခင် ယူရိုသန်း (၄၀) နဲ့ ခေါ်ယူရမှာဖြစ်ပါတယ်။ အက်သလက်တီကိုက ဒီအချက်ကို အခုနွေမှာတင် အသက်သွင်းကာ ဂရစ်ဇ်မန်းကို ပီအက်စ်ဂျီထံ ပြန်လည်ရောင်းချဖို့ ဒါမှမဟုတ် အငှားချဖို့ ကမ်းလှမ်းထားတယ်လို့ The Mirror သတင်းဌာနက ဖော်ပြပါတယ်။ ဒီလိုသာဆိုရင် အက်သလက်တီကိုအနေနဲ့ တပတ်လုပ်ခ ပေါင် (၃) သိန်းခွဲပေးနေရတဲ့ ဂရစ်ဇ်မန်းရဲ့ လုပ်ခပမာဏကို လျှော့ချနိုင်မှာပါ။

အဲ့ဒီနောက်မှာတော့ ရော်နယ်ဒိုကို ခေါ်ယူနိုင်မှာဖြစ်ပြီး အက်သလက်တီကိုက ဒီအတွက် စတင်ကြိုးစားနေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဘက်ကလည်း ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ သိရှိရပါတယ်။ ပီအက်စ်ဂျီဟာ အသင်းမှာ ပုံမှန်ခြေစွမ်းမပြနိုင်တဲ့ နေမာလို ကစားသမားမျိုးကိုတောင် ရှင်းထုတ်ဖို့ ပြင်ဆင်နေပြီး ဂရစ်ဇ်မန်းလို လက်ရှိအချိန်မှာ ပုံမှန်အောက်ရောက်နေတဲ့ ကစားသမားမျိုးကို ခေါ်ယူဖို့ ဆန္ဒမရှိကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ရော်နယ်ဒိုအတွက်တော့ လက်ရှိ အက်သလက်တီကိုရဲ့ လှုပ်ရှားမှုက မျှော်လင့်ချက်ရောင်ခြည်တခုဖြစ်လာခဲ့ပါတယ်။ အက်သလက်တီကိုဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ အဆင့် (၃) နဲ့ ရာသီသိမ်းခဲ့ပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကစားခွင့်ရရှိထားတဲ့ အသင်းတသင်းလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က