မော်ရိုကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း အရန်ခုံမှာပဲ ထားခဲ့တာပါ။

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က မော်ရိုကိုကို အရေးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ ရော်နယ်ဒိုကို အရန်ခုံမှာထားတာနဲ့ ပတ်သက်ပြီး နောင်တရစရာမရှိဘူးလို့ ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ပြောလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲမှာလည်း အရန်ခုံထိုင်ခဲ့ရသလို အခု မော်ရိုကိုနဲ့ ကွာတားဖိုင်နယ်မှာလည်း အရန်ခုံပေါ်မှာ ထိုင်ခဲ့ရပြီး အသင်းအရေးနိမ့်နေချိန် ဒုတိယပိုင်းအရောက်မှ လူစားဝင်ခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက် ဒီကမ္ဘာ့ဖလားဟာ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လို့ အသင်းအရေးနိမ့်အပြီးမှာ ပေါ်တူဂီကြယ်ပွင့်တယောက် မျက်ရည်လည်ရွဲနဲ့ ကွင်းထဲက ထွက်သွားခဲ့ရပါတယ်။ ရော်နယ်ဒိုရဲ့ ဒီပုံစံဟာ ပရိသတ်တွေအတွက် ဝမ်းနည်းကြေကွဲစရာဖြစ်ခဲ့ရပြီး အခုလိုမျိုးအနေအထားနဲ့ မမြင်တွေ့ချင်ဘူးလို့ အားလုံးက ပြောဆိုခဲ့ကြပါတယ်။ 

ဖာနန်ဒိုဆန်းတို့စ်ကတော့ "ရော်နယ်ဒိုကို အရန်ခုံမှာထားတာနဲ့ ပတ်သက်ပြီး နောင်တရာစရာမရှိပါဘူး။ ဒါဟာ ပြောင်းလဲမှာမဟုတ်ပါဘူး။ အသင်းနဲ့ ပတ်သက်ရင် နှလုံးသားက တွေးလို့မရပါဘူး။ ဆွစ်ဇာလန်နဲ့ ပွဲမှာ တကယ်ကိုကောင်းမွန်စွာကစားခဲ့တဲ့ အသင်းကို အသုံးပြုခဲ့တာပါ၊ မော်ရိုကိုနဲ့ ပွဲမှာ ပြောင်းလဲစရာအကြောင်းမရှိပါဘူး။ ကျွန်တော့်ချမှတ်ရတဲ့ ဗျူဟာက အခက်အခဲဆုံးအရာတွေထဲကတခုပါ။ ဒါပေမယ့် နှလုံးသားနဲ့ မတွေးနိုင်ပါဘူး။ခေါင်းနဲ့ပဲ တွေးတောရမှာပါ"လို့ ပြောခဲ့ပါတယ်။



ရော်နယ်ဒိုဟာ အရန်ခုံကထလာပြီး အသင်းအတွက် ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ဂိုးသွင်းနိုင်တဲ့အခွင့်အရေးလည်း သူ မရသလောက်နည်းပါးခဲ့ပြီး သူ့ရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပွဲမှာ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ ဒီကမ္ဘာ့ဖလားမှာ ၁ ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပြီး အဆိုပါဂိုးကလည်း ပင်နယ်တီကတဆင့် သွင်းယူခဲ့တာဖြစ်ပါတယ်။ 


ဒါပေမယ့် ပေါ်တူဂီသားဟာ နိုင်ငံတကာပွဲအများဆုံးကစားခွင့်ရသူအဖြစ် ကူဝိတ်တိုက်စစ်မှူးအယ်လ်မူတာဝါရဲ့ စံချိန်ကို လိုက်မီခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက်တိုက်ကစားခွင့်ရသူ၊ ၅ ကြိမ်ဆက်တိုက်ဂိုးသွင်းနိုင်သူအဖြစ်နဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က