ယူနိုက်တက်တို့ ရော်နယ်ဒိုကိုခေါ်ဖို့ ဘာမှကြိုတင်စီစဥ်ခဲ့တာမရှိဘူးလို့ ရိုမာနိုကဆိုလာတာပါ။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်နေရာအတွက် ရန်းနက်စ်ကွင်းလယ်လူ ကာမာဗင်ဂါ၊ အက်သလက်တီကိုကွင်းလယ်လူ ဆာအူးလ်တို့ကို ခေါ်ယူဖို့ သတင်းတွေထွက်ခဲ့ပေမယ့် ရော်နယ်ဒိုကိုခေါ်ယူဖို့အတွက် ဒီနှစ်ယောက်ကို လက်လွှတ်ခံခဲ့တယ်လို့ သိရပါတယ်။



ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ရဲ့ ကွင်းလယ်ခံစစ်ကို မဖြစ်မနေ အင်အားဖြည့်ရမယ်ဆိုတဲ့ အမြင်တွေ ထွက်ပေါ်ခဲ့ပြီး ယူနိုက်တက် တာဝန်ရှိသူတွေကိုယ်တိုင်က ဒါကိုမြင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရော်နယ်ဒိုကိုသာ ပြန်လည်ခေါ်ယူခဲ့တာပါ။

ရော်နယ်ဒိုဟာ မြို့ခံပြိုင်ဘက် မန်စီးတီးကို ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ပြီး ဖာဂူဆန်၊ ဖာဒီနန်၊ အီဗရာ၊ ရွန်းနီ၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ စည်းရုံးသိမ်းသွင်းမှုကြောင့် ယူနိုက်တက်ကိုရောက်လာခဲ့တယ်လို့လည်းဆိုရမှာပါ။ ရော်နယ်ဒိုကိုမခေါ်ယူခင်မှာ ယူနိုက်တက်က ဂိုးသမား ဟီတန်၊ နောက်ခံလူ ဗာရန်း၊ ညာတောင်ပံကစားသမား ဆန်ချိုတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

နာမည်ကျော် အပြောင်းအရွှေ့ဂျာနယ်လစ် ရိုမာနိုကတော့ သူ့ရဲ့ YouTube ချန်နယ်မှာ ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူဖို့ ကြိုတင်စီစဥ်ထားတာမျိုးမရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ ယူနိုက်တက်ဟာ အသက် (၁၈) နှစ်အရွယ် ကာမာဗင်ဂါ ဒါမှမဟုတ် အက်သလက်တီကိုကွင်းလယ်လူ ဆာအူးလ်တို့ကိုသာ ပစ်မှတ်ထားခဲ့တာပါ။

ပြင်သစ်ကြယ်ပွင့် ကာမာဗင်ဂါကတော့ နောက်ဆုံးမှာ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့ပြီး အသင်းနဲ့ပွဲထွက်ခွင့်ရရချင်းမှာပဲ ဂိုးသွင်း၊ ဂိုးဖန်တီးနဲ့ ခြေစွမ်းပြလျက်ရှိပါတယ်။ ဆာအူးလ်ကတော့ ချဲလ်ဆီးကို ကနဦးအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး လက်ရှိအချိန်အထိ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရဆဲပါ။

ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ကွင်းလယ်ခံစစ်အတွက် ဖရက်ဒ်၊ တွမ်မီနေးအတွဲကိုသာ စိတ်ရှည်ရှည်ထား အသုံးပြုနေရပြီး လာမယ့်အပြောင်းအရွှေ့မှာတော့ လိဒ်စ်ကွင်းလယ်လူ ကဲလ်ဗင်ဖီးလစ် ဒါမှမဟုတ် ဝက်စ်ဟမ်းကွင်းလယ်လူ ဒကလန်ရိုက်စ်တို့ကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သတင်းတွေက အခိုင်အမာဖော်ပြထားပါတယ်။ 

Share

က္က