ရော်နယ်ဒိုရဲ့ အမာခံပရိသတ်ကြီးလည်းဖြစ်၊ အာဆင်နယ်ပရိသတ်လည်းဖြစ်တဲ့ ပီယာ့စ်မော်ဂန်က ပေါ်တူဂီတိုက်စစ်မှူးဟာ အယ်လ်နာဆာကို မပြောင်းရွှေ့ခင်မှာ အာဆင်နယ်ကို ပြောင်းချင်နေခဲ့တာလို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူခဲ့မယ်ဆိုရင် အခုချိန်မှာ အမှတ်ပေးဖလားရနေပြီလို့လည်း ဗြိတိန်နာမည်ကျော်ရုပ်သံတင်ဆက်သူက ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ကတော့ လက်ရှိမှာ အမှတ်ပေးဖလားကို လက်လွှတ်ရတော့မယ့် အခြေအေနရှိနေပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ရတော့မှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပြသနာတွေဖြစ်ပွားခဲ့ပြီး အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေချိန်မှာ ဥရောပကလပ်တွေရဲ့ ကမ်းလှမ်းမှုကို မျှော်လင့်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆော်ဒီကလပ် အယ်လ်နာဆာကို ရောက်ရှိခဲ့ပါတယ်။
ပီယာ့စ်မော်ဂန်က "ခင်ဗျားတို့ ရယ်ချင်လည်း ရယ်ကြပေါ့ဗျာ၊ ဇန်နဝါရီမှာ ရော်နယ်ဒိုကိုသာ ခေါ်ယူနိုင်ခဲ့ရင် အာဆင်နယ်က အမှတ်ပေးဖလားရနေပြီ၊ ရော်နယ်ဒိုကလည်း အာဆယ်နယ်ကို ပြောင်းချင်ခဲ့တာပါ၊ သူက အရေးအကြောင်းဆိုရင် ဂိုးတွေသွင်းနိုင်တယ်၊ ဘယ်လိုလုပ်ရမလဲဆိုတာကို ကောင်းကောင်းသိတဲ့ ကစားသမားပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်ဆိုပေမယ့် အာဆင်နယ်အကြောင်း သိပ်ပြောလေ့မရှိဘဲ မန်ချက်စတာယူနိုက်တက်အသင်း အခြေအနေမကောင်းရင် တရေးနိုးတောင် ပို့စ်တွေတင်တတ်တဲ့ မော်ဂန်တယောက် ရော်နယ်ဒိုသာ ရောက်လာရင် သူ့အသင်း အာဆင်နယ်က ဖလားရယူနိုင်မယ်လို့ ယုံကြည်နေခဲ့တာပါ။
မော်ဂန်ဟာ ရော်နယ်ဒိုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာလည်း အာဆင်နယ်ဂျာစီကို လက်ဆောင်ပေးခဲ့ဖူးပြီး သူအားပေးတဲ့ အသင်းမှာ ရော်နယ်ဒို လာရောက်ကစားဖို့ကို မျှော်လင့်နေခဲ့ဟန်ရှိပါတယ်။ အခုလည်း ရော်နယ်ဒိုကိုသာ ခေါ်ယူခဲ့ရင် အာဆင်နယ်က ဆုဖလားရယူနိုင်မယ်လို့ ထပြောသွားခဲ့တာပါ။