ပွဲအပြီး Sky Sports ရဲ့ဆွေးနွေးခန်းတစ်ခုမှာလည်း စပါးနည်းပြဟောင်း တင်မ်ရှားဝုဒ်က “ဘရူနိုဖာနန်ဒက်စ် ဒါမျိုးလွဲလို့မရသလို ဒီလိုမျိုး ဂိုးဘားပေါ် ကျော်တက်သွားတာကို ခင်ဗျားတို့ရော၊ ကျွန်တော်ရော မမြင်ဖူးပါဘူး။ ပုံမှန်ဆို သူက ဂိုးသမား ဒိုက်ထိုးတာကိုစောင့်ပြီးမှ တခြားထောင့်ထဲကို အသာလေးလှိမ့်ကန်တာပါ”
“အခုက ဖိအားကြောင့်ပါ။ ပင်နယ်တီတွေကို အဓိကကန်သွင်းနေကျ ကစားသမားက ကွင်းထဲမှာရှိနေတယ်လေ။ (ရော်နယ်ဒိုကို ရည်ရွယ်သည်) ဒါက ဘရူနိုဖာနန်ဒက်စ်ရဲ့စိတ်ကို အနှောင့်အယှက်ပေးသွားတဲ့ပုံပဲ” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒို ယူနိုက်တက်ကို ရောက်လာချိန်တုန်းက ပင်နယ်တီတာဝန်ကို ရော်နယ်ဒို၊ ဖရီးကစ်တာဝန်ကို ဘရူနိုဖာနန်ဒက်စ်က ယူလိမ့်မယ်လို့ ကစားသမားဟောင်း ဖာဒီနန်က သုံးသပ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒီပွဲအပြီး ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ပြောစကားတွေအရလည်း နောက်လာမယ့်ပွဲအတွက် ပင်နယ်တီဘယ်သူကန်မလဲဆိုတာကို သေချာဆုံးဖြတ်ထားခြင်းမရှိသလို ဘရူနိုဖာနန်ဒက်စ်ပဲ ထပ်မံကန်သွင်းဖွယ်ရှိတယ်လို့လည်း အရိပ်အမြွက်ပြောကြားခဲ့ပါသေးတယ်။