ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီလွဲတာနဲ့ပတ်သက်လို့ တင်မ်ရှားဝုဒ်က ပေါက်ပေါက်ရှာရှာ သုံးသပ်သွားခဲ့တာပါ။
စပါးနည်းပြဟောင်း တင်မ်ရှားဝုဒ်က မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ဗီလာပွဲမှာ ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီလွဲချော်ခဲ့ရတာ ရော်နယ်ဒိုရှိနေတယ်ဆိုတဲ့ ဖိအားကြောင့်ဖြစ်တယ်လို့ဆိုလိုက်ပါတယ်။


အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရပေမယ့် ဒီပွဲမှာ ယူနိုက်တက်တို့ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးမိနစ်မှာ ချေပဂိုးရဖို့အတွက် ပင်နယ်တီအခွင့်အရေးရရှိခဲ့တာပါ။ ဒါပေမယ့် ဒီပင်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က မိုးပေါ်ထောင်ကန်ခဲ့ပါတယ်။


ဒီရှုံးပွဲဟာ ယူနိုက်တက်အတွက် ဒီရာသီပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ ပင်နယ်တီ (၁၃) လုံးဝင်အောင်ကန်ထားတဲ့ ဘရူနိုဖာနန်ဒက်စ်အတွက်လည်း စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ ရောက်လေရာ အသင်းတိုင်းမှာ ပင်နယ်တီတွေကို ပင်တိုင်ကန်သွင်းနေကျ ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်တို့ ပင်နယ်တီရရှိချိန်မှာ ကွင်းထဲရှိနေပေမယ့် ဘရူနိုဖာနန်ဒက်စ်ကပဲ ဒီပင်နယ်တီကို ကန်ခဲ့တဲ့အပေါ်မှာလည်း နည်းပြဆိုးလ်ရှားကို မေးခွန်းထုတ်ဝေဖန်မှုတွေရှိနေပါတယ်။


ပွဲအပြီး Sky Sports ရဲ့ဆွေးနွေးခန်းတစ်ခုမှာလည်း စပါးနည်းပြဟောင်း တင်မ်ရှားဝုဒ်က “ဘရူနိုဖာနန်ဒက်စ် ဒါမျိုးလွဲလို့မရသလို ဒီလိုမျိုး ဂိုးဘားပေါ် ကျော်တက်သွားတာကို ခင်ဗျားတို့ရော၊ ကျွန်တော်ရော မမြင်ဖူးပါဘူး။ ပုံမှန်ဆို သူက ဂိုးသမား ဒိုက်ထိုးတာကိုစောင့်ပြီးမှ တခြားထောင့်ထဲကို အသာလေးလှိမ့်ကန်တာပါ”

“အခုက ဖိအားကြောင့်ပါ။ ပင်နယ်တီတွေကို အဓိကကန်သွင်းနေကျ ကစားသမားက ကွင်းထဲမှာရှိနေတယ်လေ။ (ရော်နယ်ဒိုကို ရည်ရွယ်သည်) ဒါက ဘရူနိုဖာနန်ဒက်စ်ရဲ့စိတ်ကို အနှောင့်အယှက်ပေးသွားတဲ့ပုံပဲ” လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒို ယူနိုက်တက်ကို ရောက်လာချိန်တုန်းက ပင်နယ်တီတာဝန်ကို ရော်နယ်ဒို၊ ဖရီးကစ်တာဝန်ကို ဘရူနိုဖာနန်ဒက်စ်က ယူလိမ့်မယ်လို့ ကစားသမားဟောင်း ဖာဒီနန်က သုံးသပ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒီပွဲအပြီး ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ပြောစကားတွေအရလည်း နောက်လာမယ့်ပွဲအတွက် ပင်နယ်တီဘယ်သူကန်မလဲဆိုတာကို သေချာဆုံးဖြတ်ထားခြင်းမရှိသလို ဘရူနိုဖာနန်ဒက်စ်ပဲ ထပ်မံကန်သွင်းဖွယ်ရှိတယ်လို့လည်း အရိပ်အမြွက်ပြောကြားခဲ့ပါသေးတယ်။ 

Share

က္က