ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ရော်နယ်ဒိုရဲ့ ပွဲကြီးပွဲကောင်းအတွေ့အကြုံတွေက အသင်းရဲ့ ချန်ပီယံလိဂ်ဖလားအိပ်မက်ကို အကောင်းဆုံး အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ ရော်နယ်ဒိုဟာ (၂၀၀၈) မှာ ယူနိုက်တက်နဲ့အတူ ရရှိခဲ့တဲ့ တကြိမ်အပါအဝင် ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလား (၅) ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ကျန်တဲ့ (၄) ကြိမ်ကတော့ ရီးရဲယ်မက်ဒရစ်မှာ ဆွတ်ခူးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ရော်နယ်ဒိုအပြင် ချန်ပီယံလိဂ်ဖလား (၄) ကြိမ်ရ နောက်ခံလူ ဗာရန်းကလည်း ရီးရဲယ်မက်ဒရစ်ကနေ ပြောင်းရွှေ့လာခဲ့ပါသေးတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်မလာခင် ဂျူဗင်တပ်စ်မှာ ချန်ပီယံလိဂ်ဖလားဆွတ်ခူးဖို့ ရည်မှန်းခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။
လက်ရှိယူနိုက်တက်အနေအထားက ချန်ပီယံလိဂ်ဖလားကိုသာ မျှော်လင့်ခွင့်ရှိတော့ပြီး ကျန်တဲ့ဆုဖလားအားလုံးကို လက်လွှတ်ခဲ့ရပြီးပြီလည်းဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘရူနိုဖာနန်ဒက်စ်က “ရော်နယ်ဒိုက ချန်ပီယံလိဂ်ဖလားကို အကြိမ်ပေါင်းများစွာ ဆွတ်ခူးခဲ့ပြီးပါပြီ။ ဒီပြိုင်ပွဲမှာ သူ့ရဲ့ဂိုးအနံ့အသက်တွေ၊ မတူကွဲပြားတဲ့အရာတွေကို လုပ်ပြခဲ့တာတွေနဲ့ ပတ်သက်လို့ ပရိသတ်တွေက ကောင်းကောင်းသိပြီးသားပါ”
“တချိန်တည်းမှာပဲ ချန်ပီယံလိဂ်ဖလားကို လေးကြိမ် ဆွတ်ခူးထားတဲ့ ဗာရန်းကလည်း ကျနော်တို့ဆီကို ရောက်လာခဲ့ပါတယ်။ တခါတလေမှာ အတွေ့အကြုံပိုရှိတဲ့သူတယောက်ကြောင့်ဖြစ်ဖြစ်၊ တခါတလေကျတော့လည်း အခုမှ ပထမဆုံးဆိုတဲ့သူတယောက်ကြောင့်ဖြစ်ဖြစ် ကျနော်တို့ အောင်မြင်မှုရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တစုံတခုကို အကောင်းဆုံးလုပ်ဖို့ အမြဲတမ်း ဆာလောင်နေလို့လေ”
“သူတို့က အမြဲတမ်း သက်သေပြချင်နေတာပါ။ ရော်နယ်ဒိုက ချန်ပီယံလိဂ်ဖလားကို ပထမဆုံး ဆွတ်ခူးခဲ့တုန်းက အသင်းမှာ လွှမ်းမိုးမှုအရှိဆုံး ကစားသမားဖြစ်ချင်မှဖြစ်မှာပါ။ သူ့ထက် ပိုအတွေ့အကြုံရှိတဲ့ ကစားသမားတွေရှိပေမယ့် သူလည်း အသင်းကို ဘယ်လိုနည်းလမ်းနဲ့မဆို ကူညီခဲ့တာပဲလေ”
“ဒါက အားလုံး စုစုစည်းစည်းရှိနေဖို့ပဲ လိုအပ်ပါတယ်။ တူညီတဲ့အရာတွေကို လုပ်မယ်၊ တူညီတဲ့အရာပေါ်မှာပဲ အာရုံစိုက်ထားပါမယ်။ ဘယ်လိုအခိုက်အတန့်မျိုးမှာမဆို ပွဲကို ဆုံးဖြတ်ပေးနိုင်တဲ့ ကစားသမားတွေ ရှိနေတာ ကျနော်တို့အတွက် အထောက်အကူဖြစ်ပါတယ်။ ဒါက ရော်နယ်ဒို ဒါမှမဟုတ် အခြားတယောက်လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အရေးကြီးဆုံးက နိုင်ပွဲရဖို့၊ ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ဖို့ပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။