ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဆော်ဒီပရိုလိဂ်အပေါ် အကျိုးသက်ရောက်မှုအပေါ် ဆော်ဒီအားကစားဝန်ကြီးဖြစ်သူက ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဝန်ကြီး အက်ဘ်ဒူလာဇစ်ဘင်တာကီအယ်လ်ဖိုင်ဇယ်က အယ်လ်နာဆာကို ရော်နယ်ဒို ပြောင်းရွှေ့လာပြီးကတည်းကစပြီး ဆော်ဒီလိဂ်အပေါ် ကမ္ဘာတဝှမ်းက ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုလာတဲ့အပေါ်မှာ တော်တော်လေးကျေနပ်အားရနေတာဖြစ်ပါတယ်။
ရော်နယ်ဒိုပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ဆော်ဒီလိဂ်ကို ပရိသတ်စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပြီး လက်ရှိမှာဆိုရင် နိုင်ငံပေါင်း ၁၃၇ နိုင်ငံမှာ ဆော်ဒီလိဂ်ပွဲစဉ်တွေကို ထုတ်လွှင့်ပြသနေတယ်လို့ Sportskeeda က ဆိုပါတယ်။ အယ်လ်နာဆာအသင်းကို အွန်လိုင်းက ရှာဖွေမှုတွေကလည်း အဆမတန်မြင့်မားခဲ့ပြီး ဆက်စပ်မှုအနေနဲ့ ဆော်ဒီပရိုလိဂ်ကပါ ပရိသတ်တွေ တိုးပွားနေခဲ့တာပါ။
"ရော်နယ်ဒို ဥပမာတခုပေးပါမယ်၊ ရော်နယ်ဒို ရောက်လာရုံလေးနဲ့ပဲ ဆော်ဒီလိဂ်ကို ကမ္ဘာတဝှမ်းမှာ ချန်နယ်ပေါင်း ၁၃၇ ခုကနေ ထုတ်လွှင့်လာပါတယ်၊ အရင်ကတည်းက ဒါကို လိုချင်ခဲ့ပေမယ့် သူတို့က စိတ်မဝင်စားခဲ့ဘူးလို့ ပြောခဲ့ပါတယ်၊ အခုတော့ ကစားသမားတဦးရောက်လာချိန်မှာ ကမ္ဘာတဝှမ်းလုံးမှာ ဆော်ဒီလိဂ်ပွဲတွေရှိနေပါပြီ"
"ဒါက ကစားသမားတယောက် နေရာသစ်တခုကို ရောက်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ဖို့ပါ ဖြစ်လာနိုင်ပါတယ်၊ ရော်နယ်ဒိုရောက်လာတာနဲ့ ကမ္ဘာတဝှမ်းကို ဆွဲဆောင်နိုင်မှုက ဘယ်လိုဖြစ်လာလဲဆိုတာကို ကျနော်တို့ မြင်ခဲ့ရပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။ ရော်နယ်ဒိုကတော့ အယ်လ်နာဆာအတွက် လက်ရှိမှာ ၁၀ ပွဲကစားပေးထားပြီး ၉ ဂိုးသွင်းကာ ဖန်တီးမှု ၂ကြိမ်ပြုလုပ်ထားပြီးဖြစ်ပါတယ်။
ရော်နယ်ဒို ပြောင်းရွှေ့ခဲ့ပြီးနောက် လူမှုကွန်ယက်တွေပေါ်မှာ ဖော်လိုဝါသိန်းဂဏန်းအနည်းငယ်သာရှိခဲ့ပေမယ့် လက်ရှိမှာဆိုရင် အယ်လ်နာဆာရဲ့ လူမှုကွန်ရက်တွေမှာ ဖော်လိုဝါပေါင်းသန်းနဲ့ချီတဲ့ ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဆော်ဒီလိဂ်ကို စောင့်ကြည့်သူတွေလည်း တိုးပွားလာပြီး သတင်းဖော်ပြမှုတွေကလည်း အဆမတန်မြင့်တက်နေခဲ့ပါတယ်။