မာဖီက ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ ဆန်ချိုအတွက် အနုတ်လက္ခဏာဆောင်ခဲ့တယ်လို့ ပြောဆိုခဲ့ပေမယ့် ဆိုးလ်ရှားလက်အောက်မှာ ခြေစွမ်းပြန်ပြလိမ့်မယ်လို့လည်း ယုံကြည်နေပြန်ပါတယ်။
လီဗာပူးလ်ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်တဲ့ ဒန်နီမာဖီက အိုးထရက်ဖို့ဒ်ကို ရော်နယ်ဒိုပြန်လည်ရောက်ရှိခဲ့လို့ ဆန်ချိုအခက်တွေ့နေတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဆန်ချိုကတော့ ယူနိုက်တက်ကို ပေါင် ၇၃ သန်းနဲ့ ရာသီမစခင်ရောက်ရှိခဲ့ပြီး ရော်နယ်ဒိုကတော့ သူ့နောက်မှာမှ ထပ်မံရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။
ဒေါ့မွန်မှာ ပြသခဲ့တဲ့ခြေစွမ်းတွေကြောင့် ဆန်ချိုကို အားလုံးကမျှော်လင့်ထားပေမယ့် လက်ရှိအချိ်န်ထိတော့ အင်္ဂလန်တောင်ပံကစားသမားဟာ ယူနိုက်တက်အတွက် ဖန်တီးမှုနဲ့ သွင်းဂိုးတွေ ပြုလုပ်ထားပေးခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ မာဖီက ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ ဆန်ချိုအတွက် အနုတ်လက္ခဏာဆောင်ခဲ့တယ်လို့ ပြောဆိုခဲ့ပေမယ့် ဆိုးလ်ရှားလက်အောက်မှာ ခြေစွမ်းပြန်ပြလိမ့်မယ်လို့လည်း ယုံကြည်နေပြန်ပါတယ်။
"သူ နည်းနည်းတော့ အခက်တွေ့နေတယ်ဗျ၊ ဒါပေမယ့် ကျွန်တော်မစိုးရိမ်ပါဘူး၊ သူ့မှာ အရည်အသွေးအပြည့်ရှိပါတယ်၊ သူ့ရဲ့ စည်းချက်မှန်ဖို့ကို ရှာဖွေနေရလို့ပါ၊ အသင်းမှာ သူ့ရဲ့နေရာအမှန်ရဖို့ရှာနေတာပေါ့၊ ရော်နယ်ဒိုကြောင့် သူ အခုလိုဖြစ်နေတာလို့လည်း ကျွန်တော်ထင်တယ်၊ လိဒ်နဲ့ပွဲကို မှတ်မိကြမယ်ထင်တယ်၊ ဂရင်းဝုဒ်က ဗဟိုတိုက်စစ်မှာကစားခဲ့ပါတယ်"
"ဒါပေမယ့် ရော်နယ်ဒိုရောက်လာပြီးနောက် ဂရင်းဝုဒ်က ညာခြမ်းရောက်သွားပါတယ်၊ ကျွန်တော်က ဂရင်းဝုဒ်ပရိသတ်ဆိုပေမယ့် သူ့ရဲ့တကယ့်နေရာအစစ်က ဗဟိုတိုက်စစ်နေရာပါ" လို့ မာဖီက ပြောဆိုခဲ့ပါတယ်။ ဆန်ချိုယုံကြည်မှုပြန်ရဖို့အတွက်လည်း ပွဲတွေကစားခွင့်ပေးဖို့ ဆိုးလ်ရှားကို သူက ထပ်မံပြောဆိုခဲ့ပါတယ်။
"ဥပမာပြောရရင် ဂရီလစ်ရှ်ကိုကြည့်ပါ၊ သူရောက်လာကတည်းက ခြေစွမ်းပြပြ၊ မပြပြ ပွဲတိုင်းကစားနေရပါတယ်၊ သူသာချန်လှပ်ခံခဲ့ရမယ်ဆိုရင် စကားတွေပြောနေရမှာဖြစ်ပြီး သူ့ခေါင်းထဲမှာ ဒါတွေနဲ့ ရှုပ်ထွေးနေမှာပါ" လို့ မာဖီက ထောက်ပြခဲ့ပါတယ်။ ဆန်ချိုဟာ ဗီလာရီးရဲလ်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ဘဲ ၇၅ မိနစ်မှာ မာတစ်နဲ့လူစားလဲလှယ်ခံခဲ့ရပါတယ်။