ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ရော်နယ်ဒိုကို ချီးကျူးပြောဆိုခဲ့တာပါ။

တူရကီကိုအနိုင်ရတဲ့ပွဲမှာ ရော်နယ်ဒိုကြောင့် အသင်းဖော်တွေ သက်တောင့်သက်သာနဲ့ ကစားနိုင်ခဲ့တာလို့ ပေါ်တူဂီနည်းပြဖာနန်ဒိုဆန်းတို့စ်က ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာသွင်းဂိုးအများဆုံးအဖြစ်ရပ်တည်နေတဲ့ ရော်နယ်ဒိုဟာ မနေ့ကပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ်နဲ့ ဦးဆောင်ကစားခဲ့တာဖြစ်ပါတယ်။ 

ပေါ်တူဂီအတွက် အော့တာဗီအို၊ ဂျိုတာနဲ့ မက်သယူးလူးဝစ်ဇ်တို့က ဂိုးတွေသွင်းပေးခဲ့ကြပြီး ရော်နယ်ဒိုကတော့ ဂိုးပေါက်ပျောက်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြဆန်းတို့စ်ကတော့ သူ့ရဲ့အားအကိုးရဆုံးကစားသမားကို ချီးကျူးဖို့ ၀တ္တရားမပျက်ကွက်ခဲ့ဘဲ ဒီကစားသမားကြောင့်သာ အနိုင်ရခဲ့တာဖြစ်ပြီး ခမ်းနားကြီးကျယ်တဲ့ပွဲကို ကစားခဲ့တယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ 

"တူရကီနဲ့ပွဲမှာ ကျနော့်ဗျူဟာအလုပ်ဖြစ်ခဲ့ပါတယ်၊ ရော်နယ်ဒို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် တူရကီကို တော်တော်လေးအခက်တွေ့စေခဲ့တယ်၊ သူက နေရာလွတ်တွေရအောင် ကစားပေးခဲ့လို့ တခြားကစားသမားတွေက ဂိုးတွေသက်တောင့်သက်သာနဲ့ သွင်းနိုင်ခဲ့တာလေ၊ ရော်နယ်ဒိုက ကြီးကျယ်ခမ်းနားတဲ့ပွဲကို ကစားခဲ့တာပါ" လို့ ဆန်းတို့စ်က ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ပေါ်တူဂီကတော့ ပလေးအော့အဆင့်ဗိုလ်လုပွဲအဖြစ် အီတလီကိုအနိုင်ယူခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားနဲ့ ကစားရမှာဖြစ်ပါတယ်။ အဆိုပါပွဲနဲ့ပတ်သက်ပြီးတော့လည်း ဆန်းတို့စ်က "ကျနော်တို့ မြောက်မက်ဆီဒိုးနီးယားအပေါ် လေးစားမှုပြသဖို့လိုပါတယ်၊ ဒီပွဲမတိုင်ခင်မှာ ကျနော်တို့ သူတို့နဲ့ကစားရနိုင်တယ်လို့ ပြောဖူးတယ်၊ ဒီပွဲက ဟာသမဟုတ်ဘူး၊ ဗိုလ်လုပွဲဖြစ်ပြီး ဘာမဆိုဖြစ်သွားနိုင်ပါတယ်" လို့လည်း အသင်းကို သတိပေးခဲ့ပါတယ်။ 


Share

Loading Next Article...
က္က