မန်စီးတီးကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားက အသင်းဖော် တိုက်စစ်မှူး ဟာလန်းကို ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ နှိုင်းယှဥ်ချီးကျူးသွားခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၀) သွင်းယူပေးထားပြီး အနာဂတ်မှာ ရော်နယ်ဒို၊ မက်ဆီတို့လို အဆင့်မျိုး ရောက်လာမယ်လို့ သတ်မှတ်ခံထားရပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှ ဒေါ့မွန်ကနေ မန်စီးတီးကို ပြောင်းရွှေ့ကြေး ပေါင် (၅၁) သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဟာလန်းအနေနဲ့ လက်ရှိကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအားလုံးမှာ ဂိုးမသွင်းနိုင်တာ တပွဲတည်းရှိခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းတယောက် ဒီလိုမျိုးခြေစွမ်းနေတာက အသင်းဖော်တွေရဲ့ ကောင်းမွန်တဲ့ ပံ့ပိုးမှုတွေကြောင့်လည်းဖြစ်ပါတယ်။
ရော်နယ်ဒိုကလည်း ဒီရာသီမှာ ရုန်းကန်နေရပေမယ့် ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပြီး သူ့အတွက် ကစားသမားဘဝ သွင်းဂိုး (၇၀၀) ပြည့်မြောက်ခဲ့ပါတယ်။ ဒီလိုအချိန်မှာပဲ ဘာနာဒိုဆေးလ်ဗားက “ကျနော် သူငယ်ချင်းအချို့နဲ့ စကားပြောဖြစ်ခဲ့တုန်းက ဂိုးဧရိယာထဲ ဘောလုံးရောက်လာရင် ရော်နယ်ဒိုလောက်နီးနီး ကစားပြနိုင်တာ ဟာလန်းတယောက်တည်းရှိတယ်လို့ ပြောခဲ့ပါသေးတယ်”
“ဟာလန်းက ဘယ်နေရာကို ဘောလုံးကျလာမယ်ဆိုတာ အနံ့ကြိုရနေပြီး အရမ်းလျင်မြန်သလို သန်လည်း သန်မာပါတယ်။ ဒါက နောက်ခံလူတွေအတွက် မလွယ်ကူပါဘူး။ ဟာလန်းက ရော်နယ်ဒိုနဲ့ တူညီတဲ့ အဆင့်အတန်းတခုကို ရောက်လာမလား? ကျနော် အခု သူနဲ့ တွဲကစားနေပြီး ဒီလိုမျိုးဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုတို့ရဲ့ စံချိန်စံညွှန်းက မြင့်မားလွန်းပါတယ်”
“ရော်နယ်ဒိုက ချန်ပီယံလိဂ်ဖလား (၅) ကြိမ်၊ ဘလွန်းဒီအော် (၅) ကြိမ် ရထားတာပါ။ အနာဂတ်မှာ ဘာတွေဖြစ်နိုင်မလဲဆိုတာ ခင်ဗျားတို့ ဘယ်တော့မှကြိုမသိပါဘူး။ ဟာလန်းက အရမ်းငယ်ရွယ်သေးပြီး လုပ်ပြစရာတွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် အခု စိတ်ပိုင်းဆိုင်ရာအရတော့ သူက ရော်နယ်ဒိုလိုအဆင့်အတန်းမျိုးကို ရောက်လာနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။