ဒီကနေ့ညမှာ ကစားခဲ့တဲ့ ယူနိုက်တက်ရဲ့ ရာသီကြိုကွင်းပိတ်ခြေစမ်းပွဲမှာတော့ ပြောစမှတ်ပြုစရာတွေဖြစ်ပွားခဲ့ပါတယ်။ နေးရှင်းလိဂ်အသင်းတသင်းဖြစ်တဲ့ ဝရက်စ်ဟမ်းနဲ့ ယူနိုက်တက်တို့ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်း ကာရင်တန်မှာ ကွင်းပိတ်ကစားခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်ဘက်က ကစားသမားသစ်တွေဖြစ်တဲ့ အဲရစ်ဆင်နဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ ပါဝင်ကစားခဲ့ပြီး အဲရစ်ဆင်က ပထမပိုင်းမှာတင် ယူနိုက်တက်အတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ လီဆန်ဒရိုကလည်း မကြာခင်ကမှ ယူနိုက်တက်ရဲ့ ကစားသမားအဖြစ် တရားဝင်ကြေညာခံခဲ့ရပေမယ့် လျင်လျင်မြန်မြန်ပဲ ကွင်းပိတ်ခြေစမ်းပွဲမှာ ပါဝင်ကစားခဲ့တာပါ။
နောက်ခံလူ ဗာရန်းကလည်း စီနီယာ ကစားသမားအနေနဲ့ ယူနိုက်တက်အတွက် ပါဝင်ကစားပေးခဲ့ပြီး ပထမပိုင်းမှာတော့ တဖက်တဂိုးစီသရေကျနေခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲကို ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုလည်း လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီအတွက် မနေ့ကမှ ကာရင်တန်ကို ပထမဆုံး ရောက်ရှိလာခဲ့တာပါ။
ဒါပေမယ့် သူ့အနေနဲ့ ယူနိုက်တက်က ထွက်ခွာဖို့ ဆန္ဒရှိနေသေးသည့်တိုင် အသင်းနဲ့အတူ လေ့ကျင့်ခန်း အစီအစဥ်တွေမှာ ပူးပေါင်းပါဝင်သွားမယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်နဲ့ ဝရက်စ်ဟမ်းတို့ရဲ့ ကွင်းပိတ်ခြေစမ်းပွဲ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်က ဝရက်စ်ဟမ်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဝရက်စ်ဟမ်းဟာ ဟောလိဝုဒ်ကြယ်ပွင့်နှစ်ယောက်ဖြစ်တဲ့ ရိုင်ယန်ရေးနိုးလ်နဲ့ ရော့ဘ်မက်အယ်လ်ဟန်နီတို့ ပိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ရာသီသစ်မစခင်မှာ နောက်ထပ်ခြေစမ်းပွဲနှစ်ပွဲအဖြစ် စပိန်ကလပ်တွေဖြစ်တဲ့ အက်သလက်တီကို၊ ဗယ်လက်ကာနိုတို့နဲ့ ဆက်လက်ကစားသွားဖို့ စီစဥ်ထားပါတယ်။ အဲ့ဒီနောက် သြဂုတ် (၆) မှာတော့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် ဘရိုက်တန်နဲ့ စတင်ကစားရတော့မှာလည်းဖြစ်ပါတယ်။