ယူနိုက်တက်အတွက်တော့ ပြီးခဲ့တဲ့ (၂၄) နာရီက တော်တော်လေးကို ခက်ခဲကြမ်းတမ်းတဲ့ တနေ့တာဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ အသင်းရဲ့ အဓိက,ကစားသမား ရော်နယ်ဒို အသင်းကနေထွက်ခွာခွင့်တောင်းခံခဲ့တဲ့အပြင် ရှေ့ဆင့်နောက်ဆင့်မှာပဲ ဘာစီလိုနာဥက္ကဌ လာပေါ်တာက ဖရန်ကီဒီဂျောင်ကို ရောင်းချလိုခြင်းမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။
လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့ ဘာစီလိုနာအကြား ဖရန်ကီဒီဂျောင်အတွက် ပြောင်းရွှေ့ကြေး ညှိနှိုင်းနေဆဲ အနေအထားဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဘာစီလိုနာကို ဒီဂျောင်အတွက် အပိုဆုကြေး ယူရို သန်း (၂၀) အပါအဝင် စုစုပေါင်း ယူရို (၈၅) သန်းနဲ့ ကမ်းလှမ်းထားတာပါ။ ဒီကမ်းလှမ်းမှုအပေါ် နှစ်သင်းကြား အကြမ်းဖျင်းသဘောတူညီမှုရထားတယ်လို့လည်း သတင်းထွက်ခဲ့ပါသေးတယ်။
ဒါပေမယ့် အခုချိန်အထိ ဒီဂျောင်အတွက် နှစ်သင်းကြားမှာရော၊ ကစားသမားနဲ့ရော တရားဝင်သဘောတူညီမှုမရရှိသေးပါဘူး။ ဒါ့အပြင် လက်ရှိအချိန်မှာလည်း ဘာစီလိုနာဥက္ကဌ လာပေါ်တာက ယူနိုက်တက်အတွက် စိတ်ပျက်စရာဖြစ်မယ့် စကားတခွန်းကို ပြောကြားလာခဲ့ပြန်ပါတယ်။ “ဖရန်ကီ (ဒီဂျောင်) ကို ကလပ်အသင်းအများအပြားက အလိုရှိနေတာပါ”
“ယူနိုက်တက်တသင်းတည်း မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့လည်း ဒီကစားသမားကို ရောင်းထုတ်ဖို့ ဆန္ဒမရှိသလို သူကလည်း အသင်းမှာဆက်နေလိုပါတယ်။ ဒီတော့ ကျနော်တို့ ဒီကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ အရာအားလုံး ပြုလုပ်သွားမှာပါ။ ဒါပေမယ့် လစာငွေပြဿနာရှိနေပြီး ဒါကိုညှိနှိုင်းရမှာပါ” လို့ လာပေါ်တာက ပြောကြားသွားခဲ့ပါတယ်။