ရော်နယ်ဒိုရဲ့ အထင်ကရအောင်ပွဲခံနည်းအတိုင်း အောင်ပွဲခံခဲ့လို့ ဗီယက်နမ် ယူ-၁၇ ပြိုင်ပွဲတခုမှာ ဒဏ်ရာရတဲ့ ကစားသမားတစ်ဦး ရှိလာခဲ့ပါတယ်။ ဗီယက်တဲလ်နဲ့ ဟာတင်တို့ကစားခဲ့တဲ့ ဗီယက်နမ်ယူ-၁၇ ပြိုင်ပွဲရဲ့ ဒုတိယပိုင်းမှာ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာပါ။
ဗီယက်တဲလ်အသင်းက ၄ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင် စတုတ္ထမြောက်ဂိုးသွင်းယူခဲ့တဲ့ ဟောင်ကီယန်ဟာ ဂိုးသွင်းအပြီးမှာ ရော်နယ်ဒိုရဲ့ အောင်ပွဲခံနည်းဖြစ်တဲ့ SIU ပုံစံနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ဟောင်ကီယန်ဟာ ခုန်ပြီးတော့ အောက်ကိုပြန်အကျမှာ နာကျင်သွားခဲ့တာဖြစ်ပြီး လမ်းတောင်မလျှောက်နိုင်ဘဲဖြစ်ခဲ့ရလို့ ဆေးကုသမှုတွေခံယူခဲ့ရပြီး ထမ်းစင်နဲ့ပါ သယ်ထုတ်သွားခဲ့ရပါတယ်။
ကစားသမားဟာ လူစားလဲခံရအပြီးမှာ ဟာတင်အသင်းက ၂ ဂိုးပြန်သွင်းခဲ့တာကြောင့် ၄ ဂိုး- ၂ ဂိုးနဲ့ ဗီယက်တဲလ်အသင်းက အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုအခြေအနေဖြစ်သွားတာကြောင့် ဟောင်ကီယန်အနေနဲ့ SIU အောင်ပွဲခံနည်းကို ထပ်ပြီးလုပ်ဖွယ်မရှိတော့ဘူးလို့လည်း သိရပါတယ်။
ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်ကတော့ ကမ္ဘာတဝှမ်းမှာ ရေပန်းစားနေတာဖြစ်ပြီး ကစားသမားအများအပြားက လိုက်လံတုပပြီး အောင်ပွဲခံနေတာဖြစ်ပါတယ်။ ကလေးငယ်တွေပါမကျန် ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်ကို နှစ်နှစ်ခြိုက်ခြိုက် လိုက်လုပ်နေကြတာဖြစ်ပြီး သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းကတော့ တကယ်ကို အံ့အားသင့်စရာကောင်းအောင်ကို ရှိနေခဲ့ပါတယ်။