ရီးရဲလ်မက်ဒရစ်ပရိသတ်တွေနဲ့ အသင်းကစားသမားဟောင်းတချို့ဟာ လက်တလောမှာ ဝေဖန်ခံနေရတဲ့ ရီးရဲလ်တောင်ပံကစားသမား ဗင်နီရှပ်ဂျူနီယာကို ရော်နယ်ဒိုဆီက အမူအကျင့်တွေကို အတုယူဖို့အတွက် တိုက်တွန်းနေကြပါတယ်။ ဗင်နီရှပ်ဟာ ဘာစီလိုနာနဲ့ပွဲမှာ ကွင်းလယ်ဒိုင်ဖြစ်သူကို ပြင်းပြင်းထန်ထန်စောဒကတက်ခဲ့ပြီး ပြိုင်ဘက်ခံစစ်မှူးတွေရဲ့ သူ့အပေါ် ကစားပုံကိုလည်း ပြင်းပြင်းထန်ထန်တုံ့ပြန်နေခဲ့သူဖြစ်ပါတယ်။
ဗင်နီရှပ်ရဲ့ ကွင်းအတွင်း အပြုအမူတွေနဲ့ ပတ်သက်ပြီး အသင်းဖော်တချို့ကပါ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြကာ ပွဲကိုသာ ပိုမိုအာရုံစိုက်စေချင်နေကြပါတယ်။ ဗင်နီရှပ်ကတော့ လာလီဂါရဲ့ အကောင်းဆုံးတောင်ပံကစားသမားတဦးဖြစ်လို့ ပြိုင်ဘက်ခံစစ်မှူးတွေရဲ့ ပစ်မှတ်အဖြစ်ရှိနေကာ သူ့ကို ခပ်ကြမ်းကြမ်းကစားမှုတချို့ရှိနေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် သူ့ရဲ့ တုံ့ပြန်ပုံနည်းလမ်းက မှားယွင်းနေတယ်လို့ ရီးရဲလ်ပရိသတ်တွေက ယူဆနေကာ အသင်းတိုက်စစ်မှူးဟောင်းရော်နယ်ဒိုရဲ့ နည်းလမ်းတွေကို အတုယူဖို့ တိုက်တွန်းနေပါတယ်။ ရော်နယ်ဒိုကလည်း ရီးရဲလ်မှာ ကစားခဲ့ချိန်က ပြိုင်ဘက်ခံစစ်မှူးတွေရဲ့ လူချကစားမှုကို မကြာခဏရင်ဆိုင်ခဲ့ရသူဖြစ်ပြီး ကွင်းအတွင်းမှာ သွင်းဂိုးတွေနဲ့သာ တုံ့ပြန်ပြီး အလဲထိုးခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုက သူ့ကို လူချကစားခံရတိုင်းမှာ အပြုံးမပျက်ရှိနေခဲ့ပြီး ဂိုးသွင်းနိုင်ဖို့ကိုပဲ အာရုံစိုက်လေ့ရှိပါတယ်။ သူ ဂိုးသွင်းနိုင်ခဲ့ပြီးရင်တော့ ပြိုင်ဘက်ကစားသမားတွေရှေ့မှာ အားပါးတရအောင်ပွဲခံပြကာ အကောင်းဆုံးနည်းလမ်းနဲ့ တုံ့ပြန်ခဲ့တဲ့ ဖြစ်ရပ်တွေက အများကြီးရှိခဲ့ပါတယ်။ ဗင်နီရှပ်ကိုလည်း အလားတူပုံစံမျိုးပြုလုပ်ဖို့ကို အသင်းပရိသတ်တွေက အလိုရှိနေတာဖြစ်ပါတယ်။