လီဗာပူးလ်တိုက်စစ်မှူးနူနက်ဇ်ကတော့ ဖူလ်ဟမ်နဲ့ပွဲမှာ လူစားဝင်လာခဲ့ပြီးနောက် အသင်းကို ကယ်တင်ပေးခဲ့ပြန်ပါပြီ။ ၁-၀ နဲ့ အသင်းအရေးနိမ့်နေချိန်မှာ နူနက်ဇ်က လူစားလဲဝင်ရောက်လာခဲ့ပြီး ဆာလာရဲ့ ဖန်တီးပေးမှုကနေ လှပတဲ့အဆုံးသတ်မှုနဲ့ ချေပဂိုးသွင်းယူပေးခဲ့ပြီး ၂-၁ နဲ့ ရှုံးနေချိန်မှာလည်း ဆာလာရဲ့ချေပဂိုးအတွက် ဖန်တီးပေးခဲ့ကာ တဂိုးသွင်း၊ တဂိုးဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲတုန်းကလည်း နူနက်ဇ်က လူစားဝင်လာခဲ့ပြီးနောက် အသင်းပင်နယ်တီရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ကိုယ်တိုင်လည်း တဂိုးသွင်းယူပြီး အသင်းကို ဒိုင်းဆုရအောင် ကူညိနိုင်ခဲ့ပြန်ပါတယ်။ ဒါတင်မကသေးဘဲ ရာသီကြိုခြေစမ်းပွဲတွေမှာ သူ လှောင်ပြောင်ခံနေရပြီးနောက် လိုက်ဇစ်နဲ့ ကစားခဲ့တဲ့ပွဲမှာလည်း လူစားဝင်ကစားခဲ့ကာ ၄ ဂိုးအထိ သွင်းယူခဲ့ပြန်ပါတယ်။
ဘင်ဖီကာကနေ ယူရိုသန်း ၁၀၀ အထိ ပေးချေပြီး ခေါ်ယူခဲ့ရတဲ့ ဒီတိုက်စစ်မှူးက လူစားဝင်ကစားသမားအဖြစ်နဲ့ ပိုမိုခြေစွမ်းပြနေတာဖြစ်ပါတယ်။ ပွဲထွက်ကစားချိန်မှာဆိုရင် နူနက်ဇ်က ခြေစွမ်းမပြနိုင်ဖြစ်နေပြီး လူစားဝင်ကစားသမားအဖြစ်နဲ့ဆိုရင် အသင်းအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေရှိနေတယ်ဆိုတာကို နူနက်ဇ်က သက်သေပြနေတာလည်းဖြစ်ပါတယ်။ ဒါဟာ တချိန်က ယူနိုက်တက်ရဲ့နာမည်ကျော်တိက်စစ်မှူးဟောင်း ဆိုးလ်ရှားလိုမျိုး လူစားဝင်ကစားသမားအဖြစ်နဲ့ ပိုမိုခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။
ဥရုဂွေးတိုက်စစ်မှူးက လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်သွင်းဂိုးရဖို့အတွက်လည်း ၁၃မိနစ်သာ စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ရာသီကြိုကာလတွေမှာ ခြေစွမ်းမပြနိုင်လို့ လှောင်ပြောင်ခံနေရမှုတွေကိုလည်း အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ကို လူစားဝင်တိုက်စစ်မှူးအဖြစ်နဲ့သာ ကလော့ပ်က အသုံးပြုနေပေမယ့် လာမယ့်ပွဲတွေမှာ ပွဲထွက်ကစားစေဖွယ်ရှိနေပါတယ်။
အသက် ၂၃ နှစ်အရွယ် ဒါဝင်နူနက်ဇ်ဟာ ဥရုဂွေးကလပ် ပင်နဲရိုးကနေ စပိန်ကလပ် အယ်လ်မီရီယားကို ပြောင်းရွှေ့ကစားခဲ့သူပါ။ စပိန်မှာ ခြေစွမ်းပြနေခဲ့လို့ ဘင်ဖီကာက ယူရို ၂၄ သန်းနဲ့ ခေါ်ယူခဲ့ပြီး ၂နှစ်အတွင်းမှာပဲ ယူရိုသန်း ၁၀၀ နဲ့ လီဗာပူးလ်ဆီ ပြန်လည်ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။