ဆိုးလ်ရှားတည်ဆောက်ခဲ့တဲ့အသင်းက ရော်နယ်ဒိုကြောင့် အဆင်မပြေဖြစ်နေတယ်ပြောရမှာပါ။

အာဆင်နယ်ကွင်းလယ်လူဟောင်းလည်းဖြစ်၊ လက်ရှိ ဘောလုံးသုံးသပ်ရေးသမားလည်းဖြစ်တဲ့ ပေါလ်မာဆင်ကတော့ ယူနိုက်တက်က ရော်နယ်ဒိုမရောက်ခင်ကတောင် ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့သေးတယ်လို့ ဝေဖန်လာပါတယ်။ ယူနိုက်တက်ဟာ ရော်နယ်ဒိုကို အခြေပြုကစားနေရတဲ့ အသင်းလို့ဆိုနိုင်ပြီး သူ့ရဲ့ ကစားဟန်ကလည်း အသင်းရဲ့ ကစားပုံကို အဟန့်အတားဖြစ်နေစေတာပါ။



ရော်နယ်ဒိုနဲ့ပတ်သက်လို့ ရုပ်သံဝေဖန်သူတွေက ဒီမတိုင်ခင်တည်းက ဝေဖန်မှုတွေရှိခဲ့ပြီး လက်ရှိအချိန်မှာလည်း ဆိုးလ်ရှားတစ်ယောက် ရော်နယ်ဒိုကို အဓိကတည်ကစားရင်း ပြဿနာတက်နေတယ်လို့ ယုံကြည်နေသူတွေရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ မန်ချက်စတာညနေခင်းသတင်းဌာနနဲ့ တွေ့ဆုံခန်းမှာ ပေါလ်မာဆင်က အခုလိုပဲ ပြောကြားခဲ့တာပါ။

ပေါလ်မာဆင်က “ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ကိုပြောရရင် ရော်နယ်ဒိုမရှိတဲ့ ယူနိုက်တက်က ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ မနှစ်ကတောင် ရှုံးပွဲမရှိပွဲဆက်တွေ ကစားနိုင်ခဲ့ပြီး အဲ့ဒီတုန်းက တန်ပြန်တိုက်စစ်ကို အဓိကအားပြုခဲ့တာပါ။ ဒါမျိုးကိုတော့ ရော်နယ်ဒိုနဲ့ကစားလို့မရပါဘူး”

“အခု အဲ့ဒီကစားကွက်က သွားပါပြီ။ သူတို့ အဲ့ဒီအချိန်ကလို ပြေးအား၊ ရုန်းအားမျိုး မရှိတော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် တစ်ရာသီကို ဂိုး (၂၀) အနည်းဆုံး သွင်းနိုင်တဲ့ တိုက်စစ်မှူးကို ပိုင်ဆိုင်ထားတိုင်း အောင်မြင်မှုမရနိုင်တာကိုလည်း ပေါလ်မာဆင်က စပါးနဲ့ ဥပမာပေးပြီး သုံးသပ်ခဲ့ပါသေးတယ်။

ပေါလ်မာဆင်က “တစ်ရာသီကို ဂိုး (၂၀) လောက်သွင်းထားတဲ့ ကစားသမားရှိနေတိုင်း အောင်မြင်မှုမရဘူးလား? ဒါက စပါးမှာ ဟာရီကိန်းရှိနေသလိုပါပဲ။ ဂိုးတွေအများကြီးသွင်းနိုင်တဲ့ တိုက်စစ်မှူးကိုရထားတိုင်း ထိပ်ဆုံး (၄) နေရာအတွက် ဘာအာမခံချက်မှမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးဂန္တဝင်ကာရေဂါကလည်း ရော်နယ်ဒိုကြောင့် ယူနိုက်တက်ကစားကွက် ဒုက္ခရောက်နိုင်တယ်လို့ အရင်တည်းကပြောခဲ့ဖူးပြီး အခုချိန်မှာတော့ ပေါလ်မာဆင်ကပါ ပြောကြားလာခဲ့တာပါ။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ထိပ်သီး (၄) သင်း ပြင်ပကိုရောက်ရှိသွားပြီး ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီးတို့ ခြေစွမ်းပြနေချိန်၊ အာဆင်နယ်၊ ဝက်စ်ဟမ်းတို့ ခြေစွမ်းတက်လာချိန်မှာ ရုန်းကန်နေရတာကြောင့် ဒီတိုင်းဆက်သွားနေရင် ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် မလွယ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။ 

Share

Loading Next Article...
က္က