နော်တင်ဟမ်ဖောရက်စ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ယူနိုက်တက်ပရိသတ်တွေက သူတို့အသင်းဟာ အခုမှ ကစားသမား ၁၁ ယောက်နဲ့ ကစားရတာလို့ တွစ်တာပေါ်မှာ ရေးသားပြောဆိုခဲ့ကြပါတယ်။ ဆိုလိုတာကတော့ ရော်နယ်ဒိုရှိနေခဲ့စဉ်က သူ့ကိုထည့်သွင်းကစားချိန်မှာ အသင်းကစားနေတာက ကစားသမား ၁၀ ဦးတည်းနဲ့သာ ကစားနေခဲ့ရတယ်ဆိုတာပဲဖြစ်ပါတယ်။
ရော်နယ်ဒိုကတော့ ဒီရာသီမှာ အသင်းနဲ့အဆင်မပြေဖြစ်ခဲ့ပြီး အငြင်းပွားစရာ အင်တာဗျူးပြုလုပ်ခဲ့အပြီးမှာ နှစ်ဖက်သဘောတူလမ်းခွဲခဲ့ကြတာပါ။ တန်ဟက်ဂျ်လက်အောက်မှာ ရော်နယ်ဒိုက လိဂ်ဂိုး ၁ ဂိုးတည်းသာ ရရှိခဲ့ပြီး ပုံမှန်ကစားခွင့်ပါ ပျောက်ဆုံးလာခဲ့လို့ အသင်းတွင်း အဆင်မပြေမှုတွေရှိခဲ့ပြီး သူ ဝင်ကစားချိန်ဆိုရင် အသင်းခြေစွမ်းပါ ကျဆင်းနေတယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။
မနေ့က ပွဲအပြီးမှာ ယူနိုက်တက်ပရိသတ်တဦးက "ကျနော် မလေးစားတာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ရော်နယ်ဒိုက အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့အတွက် ကစားခဲ့တယ်လို့တောင် ခံစားရတယ်" လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်တဦးကလည်း "ရော်နယ်ဒိုထွက်သွားအပြီးမှာ ယူနိုက်တက်ကစားပုံက အရမ်းအထင်ကြီးစရာကောင်းနေတယ်" လို့ ပြောဆိုခဲ့ပါတယ်။
အခြားတဦးကလည်း "ရော်နယ်ဒိုနဲ့ စာချုပ်ဖျက်ပြီးတော့ ဘာတွေကောင်းကျိုးရလာလဲဆိုရင် တိုက်စစ်က မြန်လာတယ်၊ တန်ပြန်တိုက်စစ်တွေ ပိုလုပ်လာနိုင်တယ်၊ အသင်းတသင်းအနေနဲ့ တဦးကိုတဦး ပိုပြီးကူညီနိုင်လာတယ်၊ တချို့ကစားသမားတွေ ကစားရတာ ပိုပြီးတော့ လွတ်လပ်လာတယ်" လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။
GOAT လို့ နာမည်ပေးထားတဲ့ တွစ်တာအကောင့်ကတော့ "အခုမှ ကစားသမား ၁၀ ဦးကနေ ၁၁ ဦး ဖြစ်သွားတယ်၊ နည်းပြကလည်း သူ လုပ်ချင်တာကို လုပ်လို့ရနေပြီ၊ လူစားမလဲတာ၊ အရန်ခုံ၊ ဆိုရှယ်မီဒီယာပေါ်မှာ ဒရာမာတွေမရှိတော့ဘူး၊ ပရိသတ်အတုတွေလည်း မရှိတော့ဘူး" လို့ ရေးသားခဲ့ပါတယ်။