ပေါ်တူဂီနောက်တန်းမှာ ပြဿနာတွေရှိနေတာပါ။

ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ရော်နယ်ဒိုတယောက် သူ့အသင်းက ဒဏ်ရာပြဿနာအနေအထားတွေကို ကြည့်ပြီး ဇောချွေးပျံနေရပြီလို့ သတင်းတွေက ဖော်ပြလာပါတယ်။ အကြောင်းကတော့ ဒဏ်ရာပြဿနာတွေရှိနေတဲ့ ပေါ်တူဂီနောက်တန်းမှာ နောက်ထပ် အဓိကဗဟိုနောက်ခံလူ ပီပီပါ လွဲချော်ရမှာကြောင့်ဖြစ်ပါတယ်။



ပေါ်တူဂီနောက်တန်းရဲ့ အဓိက,ကစားသမားတယောက်ဖြစ်တဲ့ ရူဘင်ဒီယက်စ်ဟာ ဖေဖော်ဝါရီအစောပိုင်းမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ပေါ်တူဂီလူစာရင်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိသလို အခု တခါမှာလည်း နောက်ထပ် ဝါရင့် နောက်ခံလူကြီး ပီပီက ကိုဗစ် ကူးစက်ခံထားရတယ်လို့ လက်ရွေးစင်ဘက်က အတည်ပြုခဲ့ပါတယ်။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က “ပီပီက ကိုဗစ်ကူးစက်ခံထားရပြီး သတ်မှတ်ထားတဲ့ ရက်အတိုင်း သီးသန့်နေထိုင်သွားရမှာပါ။ နည်းပြ ဖာနန်ဒိုဆန်းတို့စ်ကတော့ လိုင်လီနောက်ခံလူ တီယာဂိုဂျာလိုကို အစားထိုးရွေးချယ်ခဲ့ပါတယ်။ ဒီကစားသမားက ပေါ်တူဂီ ယူ-၂၁ နောက်ခံလူလည်း ဖြစ်ပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း တူရကီနဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဥ်မှာ ဖွန်တေနဲ့ ဂျာလိုတို့ နှစ်ယောက် ဗဟိုခံစစ်မှာ တွဲဖက်ပွဲထွက်လာဖွယ်ရှိပါတယ်။ နောက်တန်းမှာ ဒဏ်ရာပြဿနာတွေ များပြားနေပေမယ့် ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ နူနိုမန်ဒက်စ်တို့ ပါဝင်ကစားနိုင်မှာပါ။

လက်ရှိအချိန်မှာ တိုက်စစ်ပိုင်းက ယာအိုဖီးလစ်နဲ့ ဂျိုတာတို့ကလည်း သက်ဆိုင်ရာ အသင်းတွေမှာ အသီးသီး ခြေစွမ်းပြနေတာကလည်း ပေါ်တူဂီနဲ့ ရော်နယ်ဒိုအတွက် စိတ်အေးစရာဖြစ်ခဲ့ရပါတယ်။ ပေါ်တူဂီဟာ တူရကီကို အနိုင်ရခဲ့ရင် နောက်တဆင့် အဆုံးအဖြတ်မှာတော့ အီတလီနဲ့မြောက်မက်ဆီဒိုးနီးယားတို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

Share

က္က