ပြီးခဲ့တဲ့လတွေအတွင်းမှာ ရော်နယ်ဒိုနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ နာမည်ကျော် စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်ကတော့ သူတို့နှစ်ယောက်အကြား အခုချိန်အထိ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုရှိနေဆဲဖြစ်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုနဲ့ ဂျော့ချ်မန်ဒက်စ်တို့ဟာ ကာလရှည် လက်တွဲခဲ့ကြသူတွေပါ။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ရော်နယ်ဒို ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း မိသားစုလိုဖြစ်နေတဲ့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ပါ လက်တွဲဖြုတ်ခဲ့ပါတယ်။ ဒါဟာ မန်ဒက်စ်အနေနဲ့ ရော်နယ်ဒိုကို ဥရောပထိပ်တန်းအသင်းကြီးတွေထံ မပို့ဆောင်နိုင်လို့ဆိုပြီး ကောလာဟလအချို့ ထွက်ပေါ်ခဲ့ပါတယ်။ ရော်နယ်ဒို အယ်လ်နာဆာကို ပြောင်းရွှေ့ချိန်မှာ မန်ဒက်စ်နဲ့လည်း လမ်းခွဲခဲ့ပြီးဖြစ်ပါတယ်။
ဒီလိုမျိုး လမ်းခွဲခဲ့ရတာကြောင့် နှစ်ယောက်အကြား ဆက်ဆံရေး ပြိုကွဲသွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မန်ဒက်စ်ကိုယ်တိုင်က ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။ မန်ဒက်စ်က “ရော်နယ်ဒိုက ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမယ့် ပုဂ္ဂိုလ်တစ်ယောက်ပါ။ သူက ကျွန်တော့်အတွက် ကစားသမားကောင်း၊ လူကောင်းတစ်ယောက်ပါ”
“လွန်ခဲ့တဲ့နှစ်တွေတုန်းက ရော်နယ်ဒိုတန်ဖိုးရဲ့ ထက်ဝက်လောက်ရှိတဲ့ ကစားသမားတစ်ယောက်တစ်လေ တွေ့တယ်ဆိုရင်တောင် ကျွန်တော် သူ့ကို ခေါ်လိုက်ဦးမှာပါ။ ပေါ်တူဂီမှာရှိနေတဲ့ ကျွန်တော်တို့ အားလုံး ရော်နယ်ဒိုလို ကစားသမားမျိုးကို ပိုင်ဆိုင်ထားရလို့ ဂုဏ်ယူသင့်ပါတယ်။ ကျွန်တော် အရင်က အမြဲပြောနေကျ စကားတစ်ခွန်းလိုပေါ့”
“ရော်နယ်ဒိုက ဘောလုံးလောကရဲ့ သမိုင်းကြောင်းမှာ အကောင်းဆုံး ကစားသမားဖြစ်ခဲ့၊ ဖြစ်နေတုန်းပါပဲ။ တခြားသူတွေနဲ့နှိုင်းယှဥ်လိုက်ရင်တောင် ကျွန်တော် ဒါကို နည်းနည်းလေးမှ သံသယမဖြစ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လာမယ့်နွေမှာတော့ ဥရောပကို ပြန်လာဖို့ ဆန္ဒရှိနေပြီး အယ်လ်နာဆာကို စွန့်ခွာဖွယ်ရှိကြောင်းလည်း သတင်းတွေက ဖော်ပြထားပါတယ်။