အယ်လ်နာဆာဟာ ဘိုင်ယန်မြူးနစ် တိုက်စစ်ကြယ်ပွင့် မာနေးကို ခေါ်ယူဖို့ အတွက် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်တော့မှာဖြစ်ကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ မာနေးဟာ လက်ရှိနွေရာသီမှာ ဘိုင်ယန်မြူးနစ်ရဲ့ အရောင်းစာရင်းတင်ခံထားရတဲ့ ကစားသမားဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ မာနေးကို လီဗာပူးကနေ ပြောင်းရွှေ့ကြေး ပေါင် (၃၅) သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီမြေမှာ မာနေးတစ်ယောက် ထင်သလောက် မအောင်မြင်ခဲ့ဘဲ အသင်းဖော် ဆာနေးနဲ့ ခိုက်ရန်ဖြစ်ပွားတဲ့အထိ ဆိုးရွားတဲ့ အခြေအနေမျိုးတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
အဲ့ဒါကြောင့်လည်း ဘိုင်ယန်မြူးနစ်က လက်ရှိနွေရာသီမှာ မာနေးအတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၇) သန်းရရှိရုံနဲ့ ရောင်းထုတ်သွားဖို့ ပြင်ဆင်ထားကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ဒီဆီနီဂေါလက်ရွေးစင် အသင်းခေါင်းဆောင်ကို ခေါ်ယူဖို့အတွက် လက်ရှိအချိန်မှာ ဆော်ဒီကလပ် အယ်လ်နာဆာက စိတ်ဝင်စားလာခဲ့ပြီး မကြာခင်မှာ တရားဝင်ကမ်းလှမ်းတော့မှာပါ။
ဆော်ဒီအခြေစိုက် သတင်းတွေရဲ့ဖော်ပြချက်အရ မာနေးအတွက် အယ်လ်နာဆာဥက္ကဌ ကိုယ်တိုင်က ကစားသမားရဲ့အေးဂျင့်နဲ့ တွေ့ဆုံပြီး လိုအပ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ကစားသမားကိုလည်း ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ အယ်လ်နာဆာဘက်က တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။
မာနေးအတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးပမာဏက အယ်လ်နာဆာအတွက် ခက်ခဲတဲ့ ငွေပမာဏမဟုတ်ဘဲ လွယ်လင့်တကူ ပေးချေနိုင်မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။ မာနေးသာ အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ ကမ္ဘာကျော် ကစားသမားတစ်ယောက်ပဲဖြစ်တဲ့ ရော်နယ်ဒိုနဲ့ တစ်သင်းတည်း တွဲကစားခွင့် ရရှိမှာဖြစ်ပါတယ်။