ရီးရဲလ်ဆိုဆီဒက်နဲ့ပွဲမှာ ယူနိုက်တက်နည်းပြတန်ဟက်ဂျ်က နောက်ခံလူမက်ဂွိုင်းယားကို ရှေ့တက်ကစားစေတဲ့ နည်းဗျူဟာကို အသုံးပြုခဲ့ပါတယ်။ အမြင့်ဘောတွေကို အဆုံးသတ်ဖို့အတွက် မက်ဂွိုင်းယားက တာဝန်ယူခဲ့ရတာဖြစ်ပြီး ဒါက ဗန်ဂါးလ်လက်ထက်မှာ ဖယ်လိုင်နီကို ရှေ့တက်ကစားစေပြီး အမြင့်ဘောတွေကို အဆုံးသတ်ဖို့ ကြံစည်ခဲ့တဲ့ လုပ်ရပ်နဲ့ အတူတူပဲလို့ ပရိသတ်တွေက ပြောဆိုခဲ့ကြပါတယ်။
ယူနိုက်တက်အတွက် တလုံးတည်းသောအနိုင်ဂိုးကို ပွဲကစားချိန် ၁၇ မိနစ်မှာ ရော်နယ်ဒိုရဲ့ ဖန်တီးပေးမှုကတဆင့် ဂါနာချိုက သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့ နောက်ထပ်ဂိုးတွေ မသွင်းယူနိုင်ခဲ့လို့ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်ကြောင့် အုပ်စုဒုတိယနေရာသာ ရရှိခဲ့ပြီး ဆိုဆီဒက်ကတော့ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့ကာ ယူနိုက်တက်က ချန်ပီယံလိဂ်က ပြုတ်လာတဲ့အသင်းတသင်းနဲ့ Play-off ပွဲ ကစားရတော့မှာဖြစ်ပါတယ်။
လက်ကျန်ပွဲကစားချိန် အနည်းငယ်အလိုမှာ မက်ဂွိုင်းယားက ရော်နယ်ဒိုနဲ့အတူ တိုက်စစ်ကို ဦးဆောင်ကစားခဲ့ပြီး ဒုတိယဂိုးရဖို့ အားထုတ်ခဲ့ပါတယ်။ ဒီပွဲမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေခဲ့တဲ့ ရော်ဘီဆားဗေ့ချ်က "မက်ဂွိုင်းယားနဲ့ ရော်နယ်ဒိုကို ယူနိုက်တက်တိုက်စစ်မှာ အတူတူကစားနေကြမယ်လို့ ကျနော် တခါမှကို မတွေးခဲ့ဖူးဘူး" လို့ ပြောဆိုခဲ့ပါတယ်။
တိုက်စစ်မှူးဟောင်းတဦးဖြစ်တဲ့ ခရစ္စဆပ်တန်ကလည်း "တန်ဟက်ဂျ်က ဟော်လန်နည်းဗျူဟာတွေကို သယ်ဆောင်လာတာပဲ၊ မက်ဂွိုင်းယားက အရန်ခုံကထလာပြီး ဗဟိုတိုက်စစ်မှာ ကစားသွားတယ်" လို့ ဆိုခဲ့ပါတယ်။ ပရိသတ်တွေကလည်း တန်ဟက်ဂျ်ရဲ့ နည်းဗျူဟာနဲ့ ပတ်သက်ပြီး ရှုပ်ထွေးနေကြကာ ပရိသတ်တဦးက "ရော်နယ်ဒိုထက်အရင် မက်ဂွိုင်းယားသာ ဂိုးသွင်းမယ်ဆို ငါ အလုပ်ကနေ ထွက်တော့မယ်" လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ဘယ်အသင်းနဲ့ ရင်ဆိုင်ရမလဲဆိုတာ နိုဝင်ဘာ ၇ ရက်နေ့မှာ မဲခွဲအပြီး သိရှိရတော့မှာပါ။ ချန်ပီယံလိဂ်က ပြုတ်လာတဲ့အသင်းတွေနဲ့ ယူရိုပါလိဂ်အုပ်စုဒုတိယရအသင်းတွေ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး အကြိတ်အနယ်ရှိမယ့် ပွဲတွေသေချာပေါက်ပါဝင်လာမှာပါ။