မက်ဆီနဲ့ ရော်နယ်ဒိုထိပ်တိုက်တွေ့ဆုံမယ်ဆိုရင် သူတို့လိဂ်ကို လူတွေပိုစိတ်ဝင်စားလာမှာ သေချာပါတယ်။

ဒီဘောလုံးရာသီကုန်ဆုံးချိန်မှာ မက်ဆီကို ခေါ်ယူဖို့အတွက် ဆော်ဒီကလပ်တွေက ဥရောပကလပ်တွေနဲ့ အပြိုင်ကြိုးစားနေတယ်လို့ သိရပါတယ်။ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် မက်ဆီဟာ လက်ရှိအချိန်ထိ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရသေးဘဲ ဆွေးနွေးမှုတွေသာ ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို အရယူဖို့ ဆော်ဒီကလပ်တွေက အားထုတ်နေတာပါ။ 

ရော်နယ်ဒိုကို အယ်လ်နာဆာက ခေါ်ယူခဲ့ပြီးနောက်မှာ မက်ဆီကို ခေါ်ယူနိုင်မယ်လို့ ဆော်ဒီကလပ်တွေက ပိုမိုယုံကြည်လာပါတယ်။ လက်ရှိအခြေအနေအရလည်း မက်ဆီနဲ့ ပီအက်စ်ဂျီကြားမှာ လိပ်ခဲတည်းလည်းအနေအထားဖြစ်နေလို့ သူတို့ရဲ့ မျှော်လင့်ချက်တွေက ပိုမိုအားကောင်းနေပြီး အာဂျင်တီးနားကြယ်ပွင့်အတွက် ငွေကြေးအများအပြားအကုန်အကျခံမယ်ဆိုရင် ရီယက်ဒ်ကို ရောက်လာလိမ့်မယ်လို့ပါ ထင်မြင်နေကြတယ်လို့ ဆိုပါတယ်။ 

ဒီရာသီမှာ မက်ဆီက ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၂၄ ပွဲကစားပေးထားပြီး ၁၄ ဂိုးသွင်းယူထားသလို ဖန်တီးမှုအများအပြားလည်းပြုလုပ်ပေးထားပါတယ်။ အသက် ၃၅ နှစ်အရွယ် မက်ဆီကလည်း သူ့အနာဂတ်နဲ့ပတ်သက်ပြီး တစုံတရာတိတိကျကျပြောဆိုမှုတွေ မလုပ်ထားလို့ သူ့ကိုခေါ်ယူချင်တဲ့ ဘယ်အသင်းအတွက်မဆို မျှော်လင့်ချက်ရှိနေဆဲဖြစ်ကာ ပီအက်စ်ဂျီကိုယ်တိုင်လည်း စာချုပ်သစ်ချုပ်ဖို့ အသည်းအသန်ကြိုးစားနေရပါတယ်။

မေဂျာလိဂ်ကလပ်တွေကလည်း မက်ဆီကို စိတ်ဝင်စားနေပြီး အထူးသဖြင့် ဒေးဗစ်ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီက ထိပ်ဆုံးကဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီကို တနှစ်လုပ်ခပေါင်သန်းရာနဲ့ချီပြီး ပေးချေနိုင်ဖွယ်ရာမရှိတာကြောင့် အဆိုပါပမာဏကို ပေးနိုင်မယ့် ဆော်ဒီကလပ်တွေက ပိုမိုအားသာချက်ရှိနေကာ မက်ဆီကိုယ်တိုင်က ဥရောပမှာဆက်နေမလား၊ တခြားဒေသတခုကို ပြောင်းရွှေ့မလားဆိုတဲ့ ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်နေပြီဖြစ်ပါတယ်။ 

အယ်လ်နာဆာမှာ ရော်နယ်ဒိုက ကစားနေပြီဖြစ်ကာ မက်ဆီပါရောက်လာမယ်ဆိုရင်တော့ သူတို့နှစ်ဦးရဲ့ အားပြိုင်မှုကြောင့် ဆော်ဒီလိဂ်စဟာ ဒေသတွင်းမှာရော၊ ကမ္ဘာမှာပါ ပရိသတ်စိတ်ဝင်စားမှုကို ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ဆော်ဒီက လက်လွှတ်မခံနိုင်ဖြစ်နေပြီး မက်ဆီကို မရရအောင်ခေါ်ယူဖို့ အားထုတ်နေကြတာဖြစ်ပြီး သူတို့ရဲ့ ရည်မှန်းချက်တွေ ပြည့်၀မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

Share

Loading Next Article...
က္က