နိုင်ငံအတွက် ပေးဆပ်တဲ့နေရာမှာဆို အဆိုပါကစားသမားတွေကို သူ ယှဉ်နိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယရဲ့ နာမည်ကျော်တိုက်စစ်မှူးဆန်နေးချက်ထရီက နိုင်ငံအသင်းအတွက် ပေးဆပ်မှုမှာဆိုရင် ရော်နယ်ဒိုနဲ့ မက်ဆီတို့ကိုတောင် သူ အနိုင်ယူနိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ချက်ထရီဟာ အိန္ဒိယမှာ လူကြိုက်အများဆုံးကစားသမားဖြစ်ပြီး ဂန္ထဝင်တိုက်စစ်မှူးတဦးအဖြစ် ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၉ ကြိမ်မြောက် တောင်အာရှပြိုင်ပွဲမှာ အိန္ဒိယက ကူဝိတ်ကို အနိုင်ရ ဗိုလ်စွဲခဲ့ပြီး ချက်ထရီက ၅ ဂိုးသွင်းယူကာ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။ ပါကစ္စတန်နဲ့ပွဲမှာ သူက ဟက်ထရစ်သွင်းယူခဲ့ပြီး အိန္ဒိယအတွက် သူက မရှိမဖြစ် လိုအပ်နေသေးတယ်ဆိုတာကို ပြသခဲ့ပါတယ်။ သူဟာ နိုင်ငံအသင်းအတွက် ၁၄၂ ပွဲကစားပြီး ၉၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

အိန္ဒိယစူပါလိဂ်ကလပ် Bengaluru အသင်းရဲ့ တိုက်စစ်မှူးက တဦးချင်းဆုတွေထက် အသင်းလိုက်အောင်မြင်မှုတွေကို ပိုမိုအာရုံစိုက်တယ်လို့ ဆိုခဲ့ပါတယ်။ လက်ရှိမှာ သူက ဆုဖလား ၁၁ လုံးအထိ ရယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

"နိုင်ငံအသင်းအတွက် အကောင်းဆုံးတွေ ပေးဆပ်ရတဲ့အခါမျိုးမှာဆိုရင် ကျနော်က မက်ဆီနဲ့ ရော်နယ်ဒိုတို့ကိုတောင်မှ အနိုင်ယူနိုင်ပါတယ်" လို့ ချက်ထရီက ပြောဆိုခဲ့တာပါ။ ချက်ထရီဟာ အီရန်တိုက်စစ်မှူးဟောင်း အလီဒါယေးပြီးရင် အာရှရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ 


ဒါ့အပြင် နိုင်ငံတကာသွင်းဂိုးအများဆုံးစာရင်းမှာ လက်ရှိကစားနေဆဲ ကစားသမားတွေထဲမှာဆိုရင်လည်း သူက တတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပြီး အားလုံးထဲမှာဆိုရင်တော့ အဆင့် ၄ နေရာမှာရှိနေကာ သူ့အထက်မှာတော့ ရော်နယ်ဒို၊ မက်ဆီနဲ့ အလီဒါယေးတို့သာ ရှိတော့တာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က