နေမာနဲ့ ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် နယူးကာဆယ်က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာတော့ ကာဆယ်နည်းပြ အက်ဒီဟိုဝီတယောက် ဒီသတင်းတွေကို တုံ့ပြန်လိုက်ပါပြီ။ သူတို့အသင်းမှာ ချမ်းသာကြွယ်၀တဲ့ ပိုင်ရှင်ရှိနေပမယ့် ဒီလို စူပါစတားတွေကို ခေါ်ယူနိုင်ဖို့အတွက်တော့ လှုံ့ဆော်နိုင်မှာမဟုတ်ဘူးလို့ သူက ပြောခဲ့တာပါ။
နယူးကာဆယ်ကို ဆော်ဒီအုပ်စုက ၈၀% အထိ ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ၃ ခုမှာ ပေါင်သန်း ၂၅၀ အထိ သုံးစွဲခဲ့ပါတယ်။ ဟိုဝီရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၃နေရာကို ရောက်ရှိနေပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ သေချာသလောက်ရှိနေတာကြောင့် နာမည်ကျော်ကစားတွေကို ခေါ်ယူဖို့အတွက် ရေပန်းစားလာခဲ့တာပါ။
ဒါကြောင့် အယ်လ်နာဆာကနေ ထွက်ခွာချင်နေတယ်လို့ သတင်းထွက်လာတဲ့ ရော်နယ်ဒို၊ ပီအက်စ်ဂျီက ထွက်သွားဆိုပြီး မောင်းထုတ်ခံနေရတဲ့ နေမာတို့ကို ခေါ်ယူမယ်လို့ ဘွတ်ကီတွေက အလေးပေးလာခဲ့ကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဟိုဝီကို မေးမြန်းခဲ့ရာမှာတော့ သူက အခုလိုပဲ ပြောဆိုခဲ့ပါတယ်။
"ကမ္ဘာကြီးရှေ့မှာ ကစားသမားတွေ မတောက်ပခင် သူတို့ကို ရှာတွေ့တာက အကောင်းဆုံးပါပဲ၊ ရော်နယ်ဒိုနဲ့ နေမာတို့လို ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ကျနော်တို့ အားမထုတ်နိုင်ပါဘူး၊ လက်ရှိမှာလည်း ဒီပြောင်းရွှေ့ကြေးတွေနဲ့ လစာတွေပေးချေဖို့ဆိုတာက မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် လူငယ်ကစားသမားတွေကိုပဲ ရှာဖွေပြီး တိုးတက်လာဖို့ကိုပဲ ပြုစုပျိုးထောင်ဖို့ လိုပါတယ်" လို့ ဟိုဝီက ပြောခဲ့ပါတယ်။