အယ်လ်နာဆာက ကမ်းလှမ်းတာကို ငြင်းဆန်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းဟာ ဆော်ဒီကလပ် အယ်လ်နာဆာရဲ့ တနှစ်လုပ်ခ ယူရိုသန်း ၁၅၀ နဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ရူဒီဂါစီယာနဲ့ လမ်းခွဲပြီး ယာယီနည်းပြနဲ့သာ ကစားနေတဲ့ အယ်လ်နာဆာက ဇီဒန်းကို များပြားလှတဲဲ့ လုပ်ခကြေးငွေ ပေးချေကာ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဆော်ဒီမှာ ရော်နယ်ဒိုနဲ့ ပြန်လည်ပေါင်းစည်းရမယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် ဇီဒန်းကတော့ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ဥရောပမှာသာ နည်းပြအဖြစ် တာဝန်ယူဖွယ် ရှိနေပါတယ်။ တော့တင်ဟမ်ဟော့စပါးကလည်း နည်းပြသစ်ရှာဖွေနေရာမှာ ဇီဒန်းကို စိတ်ဝင်စားနေတယ်လို့ သိရပြီး တရားဝင်ကမ်းလှမ်းတာမျိုးတော့ မလုပ်ရသေးပါဘူး။ ဇီဒန်းကတော့ ရီးရဲလ်နဲ့ လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ 

လက်ရှိမှာ ဇီဒန်းက နည်းပြလောကကို ပြန်လည်ဝင်ရောက်ဖို့ မသေချာသေးဘဲ တကယ်လို့ သူ ကိုင်တွယ်မယ်ဆိုရင်လည်း ဥရောပထိပ်တန်းအသင်းတသင်းကိုသာ ကိုင်တွယ်ချင်တယ်လို့ သိရပါတယ်။ အယ်လ်နာဆာဘက်က ကမ်းလှမ်းခဲ့မှုဟာ သူ့ကို ကမ္ဘာ့လစာအများဆုံးရ နည်းပြဖြစ်လာစေမှာ ဆိုပေမယ့် ဇီဒန်းကတော့ ပြတ်ပြတ်သားသားပဲ ငြင်းဆန်ခဲ့တာပါ။ 

ရီးရဲလ်မက်ဒရစ်ကို ၂ ကြိမ်တိုင် ကိုင်တွယ်ခဲ့တဲ့ ဇီဒန်းဟာ ဒုတိယအကြိမ်ကိုင်တွယ်စဉ်မှာ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့ပါတယ်။ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အသင်းဟောင်းရီးရဲလ်မက်ဒရစ်၊ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီ၊ ပရီးမီးယားလိဂ်ကလပ် စပါးတို့ ပါဝင်နေကာ အယ်လ်နာဆာရဲ့ မျှော်လင့်ချက်ကတော့ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က