ဘလွန်းဒီအော်ဆုအတွက် ဒီမာရီယာက မက်ဆီကို ရွေးချယ်ပေးခဲ့တာပါ။

PSG နဲ့ အာဂျင်တီးနား လက်ရွေးစင် ကစားသမား ဒီမာရီယာက မနက်ဖြန်ညမှာ ကျင်းပမယ့် ဘလွန်းဒီအော်ဆုပေးပွဲ အခမ်းအနားအတွက် သူ့ရဲ့ ရွေးချယ်မှုကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဒီမာရီယာဟာ မက်ဆီနဲ့လက်ရွေးစင်အသင်း၊ ရော်နယ်ဒိုနဲ့ ကလပ်အသင်းမှာ တွဲကစားခဲ့ဖူးတဲ့ ကစားသမားပါ။



ပြီးခဲ့တဲ့နွေရာသီမှာတော့ မက်ဆီက ဒီမာရီယာရှိနေတဲ့ PSG ကို ရောက်ရှိလာခဲ့တာကြောင့် ဒီမာရီယာကတော့ မက်ဆီနဲ့ ကလပ်မှာရော၊ နိုင်ငံမှာပါ တွဲကစားခွင့်ရရှိခဲ့ပါပြီ။ ဒါ့အပြင် (၂၀၂၁) ဘလွန်းဒီအော်ဆုကိုလည်း မက်ဆီကသာ ဆွတ်ခူးဖို့ ထိုက်တန်တဲ့အကြောင်းကို ဒီမာရီယာက အခုလိုပဲ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ဒီမာရီယာက “ဒါပေါ့ဗျာ။ မက်ဆီက ဘလွန်းဒီအော်နဲ့ ထိုက်တန်တယ်လို့ ကျနော်ပြောနိုင်တာပေါ့။ ဒီနှစ်က သူ့ရဲ့ ကစားသမားဘဝအတွက် အရေးကြီးတဲ့နှစ်တနှစ်ဖြစ်ခဲ့တာလေ။ နိုင်ငံအသင်းနဲ့အတူ ကိုပါအမေရိကဖလားရလိုက်တာက သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝအတွက် အများကြီး အဓိပ္ပာယ်ရှိစေခဲ့ပါတယ်”

“နောက်ဆုံးတော့ သူက နိုင်ငံအသင်းနဲ့အတူ ဆုဖလားရခဲ့ပါပြီ။ ဒီတခုနဲ့တင်ပဲ မက်ဆီက ဘလွန်းဒီအော်ဆုကို ဆွတ်ခူးဖို့ ထိုက်တန်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအသင်းကို ဦးဆောင်ရင်း ပြီးခဲ့တဲ့နွေရာသီမှာ ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။

မက်ဆီအနေနဲ့ ဘာစီလိုနာနဲ့အတူ ကလပ်ကစားသမားဘဝမှာ အောင်မြင်မှုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့ပေမယ့် နိုင်ငံအသင်းမှာတော့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ၊ ကိုပါအမေရိကဖလား ဗိုလ်လုပွဲတို့ကို တက်ရောက်နိုင်ခဲ့ရုံသာရှိပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း နောက်ဆုံးဆွတ်ခူးနိုင်ခဲ့တဲ့ ကိုပါအမေရိကဖလားက သူ့ကို ဘလွန်းဒီအော်ဆုရဖို့ ပိုမိုရေပန်းစားစေခဲ့တယ်ဆိုရင် မမှားပါဘူး။

ဒီမာရီယာကတော့ မက်ဆီသာ PSG ကို ရောက်လာခဲ့ရင် ထမင်းပဲချက်ပေးရပါစေ၊ လုပ်ပေးမယ်လို့ ပြောကြားခဲ့ဖူးပြီး အခုချိန်မှာလည်း တချိန်က ရီးရဲယ်မက်ဒရစ်မှာ သူနဲ့အတွဲညီခဲ့ဖူးတဲ့ ရော်နယ်ဒိုကို မေ့ကာ၊ မက်ဆီကိုသာ ဘလွန်းဒီအော်ဆုအတွက် ရွေးချယ်ပေးလိုက်တာဖြစ်ပါတယ်။ 

Share

က္က