ဘာစီလိုနာတိုက်စစ်မှူးဟောင်း လူး၀စ္စဆွာရက်ဇ်က ရော်နယ်ဒိုနဲ့ ဥရောပရွှေဖိနပ်ဆုကို အပြိုင်အဆိုင်ရယူဖို့ ကြိုးပမ်းခဲ့ရာမှာ မက်ဆီနဲ့ နေမာက သူ့ကို ကူညီပေးခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ၂၀၁၆ တုန်းက ရော်နယ်ဒိုနဲ့ ပြိုင်ဆိုင်ခဲ့ရတာဖြစ်ပြီး သူဂိုးတွေရအောင် အသင်းဖော်ဟောင်းနှစ်ဦးက အများကြီးကူညီပေးခဲ့တာကို ဆွာရက်ဇ်က ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
မက်ဆီ၊ နေမာနဲ့ ဆွာရက်ဇ်တို့ဟာ ၂၀၁၄ ကနေ ၂၀၁၇ အထိ အတူတူတွဲဖက်ကစားခဲ့ကြပြိး MSN တိုက်စစ်အဖြစ်နဲ့ ဥရောပမှာ အကောင်းဆုံးတိုက်စစ်အတွဲဖြစ်ခဲ့ကြတာပါ။ ဆွာရက်ဇ်ကတော့ ၂၀၁၆ မှာ လာလီဂါသွင်းဂိုး ၄၀ အထိ ရရှိခဲ့ပြိး ပီချီချီရွှေဖိနပ်ဆုနဲ့ ဥရောပရွှေဖိနပ်ဆုတွေကို ကစားသမားဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဘရာဇီးလ်သတင်းဌာန Placar နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ လက်ရှိ ဂရီမီယိုတိုက်စစ်မှူးက "ကျနော့်အတွက်တော့ မက်ဆီက ကမ္ဘာ့အကောင်းဆုံးပါ၊ ပြီးရင်တော့ နေမာက ဒုတိယအကောင်းဆုံးပဲ၊ ၂၀၁၆ တုန်းက ရော်နယ်ဒိုနဲ့ ကျနော် ရွှေဖိနပ်ဆုအတွက် ပြိုင်ဆိုင်နေရချိန်မှာ သူတို့နှစ်ယောက်က ကျနော့်ကို အများကြီး ကူညီပေးခဲ့ကြတယ်"
"ကျနော့်ကို ပင်နယ်တီတွေ ပေးကန်ခဲ့တယ်၊ ပြီးတော့ ဂိုးတွေသွင်းနိင်အောင် ဘောလုံးပေးပို့ခဲ့ကြတယ်၊ ဒီအတွက် ကျနော် သူတို့နှစ်ယောက်ကို အမြဲတမ်းကျေးဇူးတင်နေမိပါတယ်၊ တဦးချင်းမဟုတ်ဘဲ အသင်းအတွက် အနိုင်ရဖို့ ရည်ရွယ်ချက်နဲ့ ကြယ်ပွင့်ကစားသမား ၃ ဦးက တသင်းတည်းမှာ အတူကစားနိုင်တယ်ဆိုတဲ့ သက်သေပါပဲ၊ ဒါက ကျနော်တို့ကို ပိုကောင်းတဲ့ အသင်းဖော်တွေဖြစ်စေခဲ့ပါတယ်" လို့ ဆွာရက်ဇ်က ပြောဆိုခဲ့ပါတယ်။
ဆွာရက်ဇ်ကတော့ ဘရာဇီးလ်ကလပ် ဂရီမီယိုမှာလည်း ခြေစွမ်းပြနေပြီး လက်ရှိမှာတော့ ၉ ပွဲကစားပေးအပြီး ၅ ဂိုးသွင်းယူကာ ၄ ကြိမ်ဖန်တီးပေးထားပါတယ်။