ဝက်စ်ဟမ်းနဲ့ကစားရမယ့် ဒီတပတ်ပရီးမီးယားလိဂ်ပွဲအမီ ရက်ရှ်ဖို့ဒ်က ပြန်လည်သက်သာလာတာဖြစ်ပြီး ကာဗာနီ မပါဝင်နိုင်ဘူးလို့ အတည်ပြုထားတဲ့ ဆိုးလ်ရှားအတွက် သတင်းကောင်းဖြစ်လာခဲ့ပါတယ်။
ပခုံးခွဲစိတ်ထားမှုကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီအစပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ တိုက်စစ်မှူရက်ရှ်ဖို့ဒ်ဟာ အသင်းနဲ့အတူ ပြန်လည်လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ကစားရမယ့် ဒီတပတ်ပရီးမီးယားလိဂ်ပွဲအမီ ရက်ရှ်ဖို့ဒ်က ပြန်လည်သက်သာလာတာဖြစ်ပြီး ကာဗာနီ မပါဝင်နိုင်ဘူးလို့ အတည်ပြုထားတဲ့ ဆိုးလ်ရှားအတွက် သတင်းကောင်းဖြစ်လာခဲ့ပါတယ်။
ဒီအတွက် ယူနိုက်တက်တိုက်စစ်ပိုင်းမှာ ရော်နယ်ဒို၊ ရက်ရှ်ဖို့ဒ်တို့ အတွဲအဖက်ကို မြင်တွေ့ရတော့မှာလားဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။ ရော်နယ်ဒိုရောက်လာခဲ့ပြီးနောက် ဆိုးလ်ရှားက သူ့ရဲ့တိုက်စစ်မှူးသစ်ကို ပွဲတိုင်းအသုံးပြုနေခဲ့ပြီး ပေါ်တူဂီသားကြီးကလည်း ၂ပွဲကစားအပြီးမှာ ၃ ဂိုးသွင်းယူပေးထားကာ ခြေစွမ်းပြနေခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ အသင်းသစ်မှာ မာရှယ်၊ ဂရင်းဝုဒ်နဲ့ တွဲဖက်ကစားပြီးဖြစ်ပေမယ့် ရက်ရှ်ဖို့ဒ်နဲ့တော့ မကစားရသေးတာဖြစ်ပါတယ်။
ရော်နယ်ဒိုဟန်၊ ရော်နယ်ဒိုစတိုင်လ်နဲ့ ကစားနေတဲ့သူလို့ ပရိသတ်တွေမှတ်ချက်ပြုခံထားရတဲ့ ရက်ရှ်ဖို့ဟာ ဘယ်ခြမ်းတိုက်စစ်၊ ညာခြမ်းတိုက်စစ်နဲ့ ဗဟိုတိုက်စစ်မှူးနေရာတွေမှာ ကစားနိုင်သူဖြစ်ပါတယ်။ ဆိုးလ်ရှားက ရော်နယ်ဒိုကို ဗဟိုတိုက်စစ်မှူးအသွင်နဲ့ ကစားစေနေတာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ ဘယ်ခြမ်းမှာသာ ကစားရဖို့ရှိနေပြီး ဆန်ချိုကို ညာတောင်ပံပြန်ပို့မယ့် ကစားကွက်ကို ဆိုးလ်ရှားက အသုံးပြုဖွယ်ရှိနေပါတယ်။
ဂရင်းဝုဒ်ကလည်း ဂိုးသွင်းခြေတွေ့နေတာကြောင့် ယူနိုက်တက်တိုက်စစ်ပိုင်းမှာ ကစားသမားတွေနေရာလုရတော့မှာလည်းဖြစ်ပါတယ်။ မာရှယ်၊ ကာဗာနီတို့လည်း ရှိနေပြီး ကစားသမားငါးဦးအထိ နေရာလုရမှာဖြစ်ကာ ဆိုးလ်ရှားကို ခေါင်းကိုက်စေမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။