အီရတ်ကလပ် အယ်လ်ရှိုတာရဲ့ တိုက်စစ်ကစားသမား အာမက်ဇီရိုက ရော်နယ်ဒိုနဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပြီးနောက် ရော်နယ်ဒိုက သမိုင်းတစ်လျှောက်မှာ ဒုတိယမြောက် အကြီးကျယ် အခမ်းနားဆုံး ကစားသမားသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အယ်လ်ရှိုတာနဲ့ ရော်နယ်ဒိုတို့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ အယ်လ်ရှိုတာနဲ့ အယ်လ်နာဆာတို့ရဲ့ အာရပ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ တွေ့ဆုံခဲ့ကြတာပါ။ ဒီပွဲမှာတော့ အယ်လ်နာဆာက ရော်နယ်ဒိုရဲ့ တစ်လုံးတည်းသော ပင်နယ်တီဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။
အသက် (၂၀) အရွယ် ဇီရိုဟာ အဆိုပါပွဲရဲ့ ပွဲသိမ်းခရာမှုတ်အပြီးမှာ ရော်နယ်ဒိုနဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပြီး အဆိုပါပုံနဲ့အတူ အငြင်းပွားစရာ ကပ်ရှင်စာသားကို ရေးတင်ခဲ့တာပါ။ အဆိုပါစာသားကတော့ “သမိုင်းတစ်လျှောက် ဒုတိယမြောက် အကောင်းဆုံးကစားသမားနဲ့အတူ” လို့ပဲ ဖြစ်ပါတယ်။
အယ်လ်ရှိုတာကတော့ ဒီစာသားကို ဘယ်လိုသဘောမျိုးနဲ့ ရေးတင်ခဲ့တယ်၊ ရော်နယ်ဒိုရဲ့အထက်မှာ ဘယ်သူ့ကို ထာဝရအကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ထားလဲဆိုတာကိုတော့ ရှင်းလင်းသွားခဲ့ခြင်းမရှိပါဘူး။ သတင်းအချို့ကတော့ အယ်လ်ရှိုတာဟာ မက်ဆီရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး မက်ဆီက ရော်နယ်ဒိုထက် ပိုကောင်းတယ်လို့ ရည်ညွှန်းချင်တာဖြစ်ကြောင်း သုံးသပ်နေပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အယ်လ်နာဆာအတွက် အထူးခြေစွမ်းပြနေပြီး ဒီနေ့ညမှာလည်း အာရပ်ကလပ်ချန်ပီယံရှစ် ဗိုလ်လုပွဲအဖြစ် အယ်လ်နာဆာနဲ့အတူ အယ်လ်ဟီလာကို ရင်ဆိုင်ရမှာပါ။ ရော်နယ်ဒိုဟာ အာရပ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အယ်လ်နာဆာအတွက် နောက်ဆုံး (၄) ပွဲဆက် ဂိုးသွင်းယူထားပြီး ဒီနေ့ည ဗိုလ်လုပွဲမှာရော ဂိုးသွင်းနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။