အာဆင်နယ်နောက်ခံလူ တိုမီယာဆုဟာ ရော်နယ်ဒိုလို ကစားသမားမျိုးဖြစ်တယ်လို့ ဘယ်လ်ဂျီယံကလပ် စင့်ထရီဒန်အသင်းရဲ့ အားကစားဒါရိုက်တာ အန်ဒရီပင်တိုကဆိုပါတယ်။
တိုမီယာဆုဟာ အဆိုပါကလပ်မှာ တစ်ရာသီကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ (၂၀၁၉) မှာ အီတလီစီးရီးအေကလပ် ဘိုလော့ဂ်နာကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဘိုလော့ဂ်နာမှာ (၂) နှစ်ကြာ ကစားခဲ့ပြီးနောက်မှာတော့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ တိုမီယာဆုကို အာဆင်နယ်က ခေါ်ယူခဲ့ပါတယ်။
တိုမီယာဆုရောက်လာပြီးနောက်ပိုင်း အာဆင်နယ်ရဲ့ခံစစ်ကစားပုံက တိုးတက်လာခဲ့တယ်လို့ဆိုနိုင်ပြီး စပါးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဥ်မှာလည်း တိုမီယာဆုက ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ တိုမီယာဆုကို တစ်ဦးချင်းကျော်ဖြတ်နိုင်တဲ့ ကစားသမားလည်း မရှိသေးဘဲ တိုမီယာဆုကတော့ ပရီးမီးယားလိဂ်ကို ရောက်ရောက်ချင်း ကောင်းမွန်တဲ့ ရာသီအဖွင့်ကို ဖြတ်သန်းနေရတာပါ။
ဒီလိုမျိုး တိုမီယာဆုနဲ့ပတ်သက်လို့ သူ့အသင်းဟောင်း စင့်ထရီဒန်အားကစားဒါရိုက်တာ ပင်တိုကလည်း “တိုမီယာဆုနဲ့ ပတ်သက်လို့ အံ့အားသင့်စရာအချက်ကတော့ သူက မအောင်မြင်တဲ့ ဘယ်အရာကိုမှ လက်မခံချင်တာပါပဲ။ သူက အရမ်းအလုပ်ကြိုးစားတဲ့ ကစားသမားပါ”
“မတူကွဲပြားတဲ့ ကစားသမားတွေ အများကြီး ရှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် တိုမီယာဆုက စိတ်ပိုင်းဆိုင်ရာ ခံယူချက်မှာ ရော်နယ်ဒိုနဲ့ နည်းနည်းလေးသွားတူပါတယ်။ ပြီးတော့ ခံယူချက်၊ ဆုံးဖြတ်ချက်ချတဲ့အပိုင်းနဲ့ ကျန်းမာရေးနဲ့ညီညွှတ်အောင် စားသောက်နေထိုင်မှုအပိုင်းတွေမှာ ရော်နယ်ဒိုနဲ့ တိုမီယာဆုတို့တူကြပါတယ်”
“တိုမီယာဆုက ဘယ်တော့မှ ရောင့်ရဲတင်းတိမ်တတ်တဲ့ ကစားသမားမဟုတ်ပါဘူး။ သူက သူ့ကိုယ်သူ တိုးတက်ဖို့ အမြဲတမ်းကြိုးစားနေတဲ့ ကစားသမားပါ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
တိုမီယာဆုကိုခေါ်ယူခဲ့တဲ့အပေါ် အာဆင်နယ်ပရိသတ်အချို့က ဝေဖန်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ တိုမီယာဆုက အချိန်တိုအတွင်းမှာပဲ အသင်းရဲ့အဓိကနောက်ခံလူဖြစ်လာခဲ့ပြီး ဘယ်လောက်အထိ ခြေစွမ်းပြနိုင်ဦးမလဲ စောင့်ကြည့်ရတော့မှာပါ။