ကမ္ဘာ့ဖလားပြီးကတည်းက ရက်ရှ်ဖို့ဒ်က ရပ်တန့်မရဖြစ်နေတာပါ။

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျ်က သူ့ရဲ့တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တဦးလို့ ချီးကျူးလိုက်ပါတယ်။ လိဒ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပြီးနောက် ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး ၂၁ ဂိုးအထိရှိလာခဲ့ကာ တန်ဟက်ဂျ်အတွက် အားအကိုးရဆုံးကစားသမားတဦးဖြစ်လာခဲ့ပါတယ်။ 

ကမ္ဘာ့ဖလားပြီးတဲ့နောက်ပိုင်းမှာ ကစားခဲ့တဲ့ ပွဲပေါင်း ၁၅ ပွဲမှာ သူက ၁၃ ဂိုးအထိ သွင်းယူခဲ့ပြီး ဒါဟာ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ဘယ်ကစားသမားထက်မဆို ဂိုးပိုသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားတိုက်စစ်မှူးရဲ့ ခြေစွမ်းတွေက ရပ်တန့်မရအောင်ဖြစ်နေပြီး အာရုံစိုက်မှု မလျော့သွားစေဖို့ တန်ဟက်ဂျ်က သတိပ​ေးမှုတွေလည်း လုပ်ခဲ့ပါသေးတယ်။ 

"သူ့မှာ အရည်အသွေးတွေ အများကြီးရှိပြီးတော့ ဒီထက်မကဖြစ်လာနိုင်တဲ့ ကစားသမားပါ၊ သူသာ အလုပ်ကို ပိုကောင်းအောင်ကြိုးစားမယ်ဆိုရင် ဂိုးတွေပိုရလာမှာပါ၊ ဘာလို့လဲဆိုတော့ သူက ဘယ်ခြေ၊ ညာခြေနဲ့ ခေါင်းတိုက်ဂိုးတွေပါ သွင်းနိုင်လို့ပဲ၊ ဩဂုတ်နဲ့ အောက်တိုဘာလအတွင်းကသာ ကျနော့်ကို ခင်ဗျားအသင်းမှာ ဘယ်သူက ဂိုး ၂၀ လောက်သွင်းနိုင်မလဲထင်လဲလို့ မေးခဲ့မယ်ဆိုရင် သူပဲလို့ပဲ ကျနော်ဖြေမှာ"

"လက်ရှိမှာ သူ့ခြေစွမ်းက အားရစရာပါပဲ၊ နည်းပြတဦးအနေနဲ့ သူ့ကို ကျနော်​တို့ ဖိအားတွေပေးရဦးမှာပါပဲ၊ ဒါမှပိုကောင်းတဲ့ ကစားသမားဖြစ်လာမှာပါ၊ သူသာ အာရုံစိုက်မှုနည်းသွားရင် သွင်းဂိုးတွေပါ ပျောက်ဆုံးသွားပါလိမ့်မယ်၊ ဒါကရှင်းပါတယ်၊ သူက ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တဦးဖြစ်နေပါပြီ၊ ဒါပေမယ့် ဒါကို သူ ကျေနပ်နေရင် ရပ်တန့်သွားမှာပဲ"

"သူ့ရဲ့ လက်ရှိရင်းနှီးမြုပ်နှံမှုတွေကို ဆက်ထိန်းသိမ်းထားပြီး ပွဲတိုင်းကို အာရုံစိုက်မယ်၊ ခွန်အားနဲ့ ယုံကြည်ချက်တွေကို ယူဆောင်လာမယ်ဆိုရင် သူက ဂိုးတွေ ဆက်သွင်းနေပါလိမ့်မယ်၊ ဒါဆို ဘယ်အချိန်ရပ်တန့်မှာလဲဆိုတာ ကျနော်မသိပေမယ့် တပွဲချင်းစီပဲ ကျနော်တို့သွားရမှာဖြစ်ပြီး တပတ်အတွင်းမှာ မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်ရမှာပါ" လို့ တန်ဟက်ဂျ်က ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က