ယူနိုက်တက်နဲ့ ကစားမယ့်ပွဲမတိုင်ခင် ဝုလ်ဗ်နည်းပြက အခုလိုပဲပြောကြားခဲ့တာပါ။

ဝုလ်ဗ်နည်းပြ ဘရူနိုလေ့ချ်က ရော်နယ်ဒိုနဲ့ပတ်သက်လို့ ယူနိုက်တက်မှာ အဆင်မပြေတာတခုခုရှိရင် ဝုလ်ဗ်မှာ ဒီကစားသမားအတွက် နေရာရှိတယ်လို့ ပြောကြားလာပါတယ်။ ယူနိုက်တက်နဲ့ဝုလ်ဗ်တို့ဟာ လာမယ့် တနင်္လာညမှာ ပရီးမီးယားလိဂ်ပွဲအဖြစ် ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာပါ။



ဒီပွဲမတိုင်ခင်မှာတော့ ဝုလ်ဗ်နည်းပြက တနိုင်ငံတည်းသားချင်း ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အခုလို ပြောကြားလာခဲ့ပါတယ်။ ဘရူနိုလေ့ချ်က “ရော်နယ်ဒိုက စက်တလုံးလိုမျိုး ကစားသမားပါ။ နောက်ပြီး ကြီးကျယ် ခမ်းနားတဲ့ ကစားသမားတယောက်ဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ အသင်းတိုင်းက ရော်နယ်ဒိုလို ကစားသမားမျိုးကို သဘောကျပါတယ်”

“တကယ်လို့ ယူနိုက်တက်အနေနဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ မပျော်ရွှင်ရဘူးဆိုရင် ကျနော်တို့ ဝုလ်ဗ်မှာ ရော်နယ်ဒိုအတွက် နေရာရှိပါတယ်။ ကျနော့်အသင်းသားတွေလည်း ရော်နယ်ဒိုနဲ့ တွဲကစားရလို့ ပျော်ရွှင်နေကြမယ်ဆိုတာ ကျနော်သိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘာစီလိုနာနည်းပြ ဇာဗီ၊ နောက်ခံလူ ပီကေးတို့နဲ့ ဆက်သွယ်ခဲ့ပြီး ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေထွက်ခဲ့သေးတာပါ။ ဒါပေမယ့် ဒီသတင်းတွေကိုတော့ ဒီနေ့မှာပဲ ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်က ငြင်းဆန်သွားခဲ့ပါတယ်။

ဒါ့အပြင် ဂျော့ချ်မန်ဒက်စ်က ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်မှာ ပျော်ရွှင်နေတဲ့အကြောင်း၊ လက်ရှိ ဘောလုံးရာသီက ရော်နယ်ဒိုအတွက် ထိပ်တန်းဘောလုံးရာသီတခု ဖြစ်လာမယ့် အကြောင်းတွေကိုလည်း ပြောကြားခဲ့ပါသေးတယ်။ အခုလိုမျိုး ရော်နယ်ဒိုကို လိုချင်တယ်ဆိုပြီး ထုတ်ပြောတဲ့ နည်းပြကလည်း ဘရူနိုလေ့ချ် ပထမဆုံးမဟုတ်ပါဘူး။

ဝက်ဖို့ဒ်နဲ့ ယူနိုက်တက်တို့ မကစားခင်တုန်းက ဝက်ဖို့ဒ်နည်းပြ ရာနီရေးရီက ရော်နယ်ဒိုအတွက် သူ့အသင်းမှာ ပွဲကစားခွင့်အပြည့်အဝ ပေးနိုင်သေးတယ်လို့ ပြောခဲ့ဖူးတာပါ။ အဲ့ဒီပွဲကစားချိန်မှာတော့ ဝက်ဖို့ဒ်က ယူနိုက်တက်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူပြီး ဆိုးလ်ရှားလည်း ယူနိုက်တက်နည်းပြ ရာထူးကို စွန့်လွှတ်လိုက်ရပါတယ်။ 

Share

က္က